Friday, September 16, 2016

ရွေ့လျားကျောင်း စီမံကိန်းအတွက် စတိဗ်ဂျော့၏ ဇနီးသည် ပိုဝဲလ်ဂျော့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးမည်





Apple ကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့ရဲ့ဇနီးသည် ပိုဝဲလ်ဂျော့ ရန်ပုံငွေ ထောက်ပံ့ပေးထားတဲ့ အထူးကျောင်းများ တည်ဆောက်ရေး စီမံကိန်း XQ ဟာ အိမ်ခြေယာမဲ့ ကလေးငယ်တွေကို ပညာသင်ကြားဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့ ရည်ရွယ်တည်ဆောက်မယ့်
ရွေ့လျားကျောင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ဘတ်ဂျက် ချထားပေးမယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ အထက်တန်းကျောင်းတွေကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်တဲ့ XQ စီမံကိန်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အထူးကျောင်း တည်ဆောက်ရေး စီမံကိန်းအတွက် ရွေးချယ်ခံရတဲ့အဖွဲ့ ၁၀ ဖွဲ့ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရွေးချယ်ခံရတဲ့ အဖွဲ့ ၁၀ဖွဲ့မှာ တစ်ဖွဲ့ကတော့ လော့စ်အိန်ဂျလိစ်မြို့က ဆရာ၊ ဆရာမနှစ်ယောက် ဦးဆောင်ဖန်တီးမယ့် RISE High (Revolutionary Individualized Student Experience)ဆိုတဲ့ ရွေ့လျားကျောင်း စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အချိန်၊ နေရာ ကန့်သတ်မှု အစဉ်အလာကို ဖောက်ထွက်မယ့် ပုံစံသစ် ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။
ရွေ့လျားကျောင်းဆိုတဲ့အတိုင်း တည်နေရာနဲ့ ကျောင်းတက်ချိန် အတိအကျ ရှိမှာမဟုတ်ပါဘူး။ အကျိုးအမြတ် အဓိကမထားတဲ့ အဖွဲ့အစည်းတွေရဲ့ တည်နေရာတွေကို အသုံးပြုပြီး လော့စ်အိန်ဂျလိစ်မြို့ တစ်မြို့လုံးအနှံ့ ကျောင်းတွေရှိနေသလိုဖြစ်အောင် ဖန်တီးမှာဖြစ်ပေမယ့်
အဓိကအားဖြင့် အွန်လိုင်း ပညာသင်ကြားမှုစနစ်ကို အသုံးပြုမှာပါ။ အစောပိုင်းမှာ ကျောင်းသားအနည်းငယ်နဲ့ပဲ စတင်မှာဖြစ်ပြီး (၅)နှစ်မြောက်မှာတော့ ကျောင်းသား ၅၀၀ နဲ့ ၅၅၀ ကြား သင်ကြားပေးပြီး ကျောင်းသား ၂၅ ယောက်ကို ဆရာတစ်ယောက်နှုန်း အချိုးနဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
ရွေ့လျားကျောင်း စီမံကိန်းမှာ ဆရာတွေက ဘတ်စ်ကား တစ်စီးနဲ့ လှည့်လည်သွားလာနေမှာဖြစ်ပြီး ဒီဘတ်စ်ကားပေါ်မှာ ကလေးငယ်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့၊ ကလေးငယ်တွေ အ၀တ်အစား လျှော်နိုင်ဖို့ အ၀တ်လျှော်စက်၊ ကလေးငယ်တွေ တစ်ကိုယ်ရေ သန့်ရှင်းစေမယ့် အထောက်အပံ့ပစ္စည်းတွေ ပေးသွားမှာဖြစ်ပြီး Wi-Fi လွှတ်ပေးမယ်လို့
သိရပါတယ်။ ဆရာတွေက ကျောင်းသားတွေကို အိမ်စာပေးပြီး ပညာသင်ကြားစေမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်မယ့် ခရော့ဖ်နဲ့ ၀ါလင်တို့ဟာ (၅)နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းရရှိမှာဖြစ်ပါတယ်။

#Credit
www.yoyarlay.com

No comments:

Post a Comment