Monday, February 2, 2015

"အန္တိမဆုလာဘ်"

ဒီနေ့ ချစ်သူသက်တမ်း ၇နှစ်ပြည့်ပြီနော် ကို။ ဘယ်လောက်များ ကြာညောင်းခဲ့တဲ့ ချစ်ခြင်းတစ်ခုပါလဲ။ ကို့ကို ချစ်တဲ့ ချစ်ခြင်းတွေနဲ့ ထုံမွှမ်းနေတဲ့ နေ့ရက်တွေကို တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းခဲ့တာ ရက်ပေါင်း ၂၅၀၀ကျော်သွားခဲ့ပြီ။ အချစ်ဟာ အချစ်ကို တိုးစေတယ်ဆိုတဲ့ စကားအတိုင်း ချစ်ရရက်တွေ ရှည်ကြာလေလေ၊ အသစ်သစ် တိုးလာတဲ့ အချစ်စိတ်တွေနဲ့ ခိုင်လေ ကို့ကို သိပ်ပြီး ချစ်တယ် သိလား။
ကို့အကြောင်း ဆိုပြီး စဉ်းစားလိုက်တဲ့အခါတိုင်း ဟိုးငယ်ငယ်ကလေးဘဝတုန်းက ကျောင်းနေဖက်လေး ကို့ပုံရိပ်လေးတွေက ခေါင်းထဲကို အရင်ဆုံး ရောက်လာတတ်တယ် ကိုရဲ့။ မှတ်မှတ်ရရ အဲဒီတုန်းက ခိုင်တို့တွေက ခုနှစ်တန်းမှာ။ ညနေခင်း ကျောင်းဆင်းချိန်ကြီး။ ခိုင့်အိမ်ရော၊ ကို့အိမ်ရောက စပါးခင်းတွေရဲ့ တစ်ဖက်ခြမ်းမှာမို့ လယ်ကန်သင်းတွေကို ဖြတ်ပြီး ပြန်ရတယ်။ ကိုရယ်၊ ကို့သူငယ်ချင်းတစ်ယောက်ရယ်က ခိုင်တို့ရဲ့ ရှေ့မှာ စက်ဘီးတစ်ယောက်တစ်စင်းစီနဲ့။ ခိုင်ရယ်၊ ခိုင့်သူငယ်ချင်းရယ်က စက်ဘီးတစ်စင်းတည်းကို တစ်လှည့်စီနင်းနေကြတယ်။

စပါးခင်းစပ်လေးမှာပေါ့။ လူတစ်ယောက်က နွားလေးတစ်ကောင်နဲ့ အလုပ်ရှုပ်နေတယ်။ သူက နွားလေးကို လိုက်ဖမ်းနေတာ။ နွားလေးကလည်း ပတ်ပြေးပြီး ဆော့နေလိုက်တာ။ အဲလူမှာ မနည်းလိုက်ဖမ်းနေရတယ်။ သူက နွားလေးကို ဖမ်းမိလုလုလည်းဖြစ်ရော ကိုတို့နှစ်ယောက်က ရှုးဆိုပြီး နွားလေးကို စက်ဘီးတွေနဲ့ ဝင်တိုက်မလို ခြောက်လိုက်တော့ နွားလေးခမျာ ကြောက်အားလန့်အားနဲ့ အသားကုန် ထွက်ပြေးသွားပါလေရော။ အဲဒီမှာပဲ နွားပိုင်ရှင်က စိတ်တိုတိုနဲ့ တံစဉ်းကြီးကိုင်ပြီး ကိုတို့နောက် တအားပြေးလိုက်တော့တာပဲ။ ခိုင်တို့မှာ အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး ရယ်ကလည်း ရယ်ချင်၊ နွားပိုင်ရှင်ကိုလည်း ကြောက်ကကြောက်နဲ့ အတင်းကို မျက်နှာပိုး သတ်ခဲ့ရတာ။
အဲဒီတုန်းက ကိုတို့၊ ခိုင်တို့က ဖြူဖြူစင်စင် သူငယ်ချင်းတွေနော်။ ကျောင်းမှာလည်း တစ်ခန်းတည်း အတူတူ၊ ကျူရှင်လည်း အတူတူ၊ အိမ်ချင်းကလည်း နီးဆိုတော့ ကိုရယ်၊ ခိုင်ရယ် တခြား သူငယ်ချင်း ၄ယောက်လောက်ရယ်က ကျောင်းသွားဖော်၊ စာကျက်ဖက်၊ နောက်ပြီး ကစားဖော် ကစားဖက်တွေ ဖြစ်ခဲ့ကြတာပေါ့။

၈တန်းဖြေပြီးတဲ့ နွေကျောင်းပိတ်ရက်တွေမှာတော့ ခိုင်တို့တွေကြား ဘာမှန်း မသိတဲ့ စည်းလေးတွေက ခြားချင်ချင် ဖြစ်လာခဲ့တယ်။ ဒီကြားထဲ ချစ်သလိုလို၊ ကြိုက်သလိုလို၊ ဘာလိုလိုလေးတွေကလည်း အသံထွက်လာသေးတယ်။ ကိုက ခိုင့်ကို ချစ်နေတယ်လို့ သူငယ်ချင်းတွေက ပြောပြီး ခိုင်တို့ကို ပေးစားကြတယ်။ ခိုင့်မှာ အဲဒီကတည်းက ကို့ကို တွေ့မြင်နေရင်တောင် မခေါ်ရဲတော့ဘူး။ ထိလား ပုတ်လား ကစားဖို့ဆိုရင် ဝေးရောပေါ့။ ကိုကလည်း အတူတူပါပဲ။ ဟိုတုန်းကဆိုရင် မိခိုင် မိခိုင် ဆိုပြီး ခိုင့်ကျောကို ရိုက်လိုက်၊ ခေါင်းကို ပုတ်လိုက်နဲ့။ အဲဒီ ကိုးတန်းနှစ်ကတည်းက ခိုင့်တွေ့ရင် ကိုကပဲ ရှက်သလိုလို နဲ့ ခေါင်းငုံ့ မျက်နှာလွှဲသွားသေးခဲ့တာ။
ဆယ်တန်းတွေ ဖြေပြီးကြတဲ့ နောက်ဆုံးနေ့မှာတော့ ကိုက ခိုင့်ကို ရည်းစား စကားပြောခဲ့တယ်နော်။ ဘာရယ် မဟုတ် ခိုင်ကလေ ရှက်ကိုးရှက်ကန်းနဲ့ “နင့် ကို ငါ့အသက် ၁၈နှစ်ပြည့်ပြီးမှ အဖြေပေးမယ်” လို့ ပြောလိုက်မိတာကို ကိုက အတည်မှတ်ယူပြီး “ဒါ ဆို ငါ စောင့်နေမယ်” ဆိုခဲ့တာ။ တကယ်လည်း ကိုက ခိုင်ကို့ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တာနော်။

ခိုင့် အသက် ၁၈နှစ် မပြည့်မချင်း အဖြေလည်း လုံးဝ ထပ်မတောင်းဘဲ ခိုင့်ကို ချစ်နေဆဲ၊ စောင့်နေဆဲ ဆိုတာကိုလည်း ချစ်သူများနေ့မှာ ကို ပေးတဲ့ နှင်းဆီပန်းတွေ၊ ချောကလက်တွေ၊ အမွှေးပွ အရုပ်လှလှလေးတွေကနေ သိစေခဲ့တာ။ ခိုင့်မှာ ကိုယ့်စကားနဲ့ကို နောင်တတွေ ရသလိုတောင် ဖြစ်မိပေမယ့် ဒါဟာ အချစ်စမ်းနည်း တစ်မျိုးပါပဲ လို့ တွေးရင်း ကို့ အရိပ်အခြေတွေကို မသိမသာ စောင့်ကြည့်နေခဲ့ ရတာပေါ့။

တက္ကသိုလ်တွေ တက်တော့ ဝါသနာပါရာ မေဂျာတွေကို ယူကြတာမို့ ခိုင်တို့နှစ်ယောက် ကျောင်းမှာ ဆုံချိန် နည်းသွားခဲ့တယ်။ ကို့အတန်းချိန်နဲ့ ခိုင့်အတန်းချိန်ဟာ တိုက်ရင် တိုက်နေတတ်တယ်။ တစ်ခါတစ်လေ ပြောင်းပြန်ဖြစ်နေတတ်တယ်။ တကူးတက ချိန်းဆို မထားဘူးဆိုရင် ဖြတ်သွားဖြတ်လာ တွေ့ဆုံဖြစ်ဖို့ဆိုတာ သိပ်ပြီး ခဲယဉ်းနေခဲ့တယ်။ ခိုင့်မှာလေ ကိုယ့််ကိုယ်ကို သတိမထားမိခင်မှာပဲ ကို့ကို လွမ်းတတ်သွားတော့တယ်။
ကိုကတော့ တကယ့်ကို နေနိုင်သူကြီးနော်။ ဒါမှမဟုတ် စကားတည်သူ၊ စည်းစောင့်သူရယ်လို့ ချီးကျူးရမလားဘဲ။ ကိုယ်ချစ်ရေးဆိုထားတဲ့ မိန်းမတစ်ယောက်ကို ချစ်တယ်လို့လည်း ထပ်မပြော၊ ကျောင်းသွားကျောင်းပြန် လိုက်ပို့တာ၊ လာကြိုတာမျိုးလည်း မရှိ။ တစ်ခါတစ်လေ ခိုင့်
အတန်းချိန်တွေမှာ အတန်းအပြင်ဖက် ကော်ရစ်ဒါလေးမှာ ရပ်ပြီး ကြည့်နေတတ်တာလေးကလွဲရင် ချစ်သူတစ်ယောက်လို ပိုင်စိုးပိုင်နင်းဆန်တဲ့ အပြုအမူတွေ ဘာဆို ဘာမှ မရှိခဲ့ဘူး။ တကယ်ဆိုရင် ကိုယ်ချစ်ရေးဆိုထားတဲ့ မိန်းကလေးတစ်ယောက်၊ သူ့ဆီက အဖြေကို ဇွတ်တောင်းပါရော့လား။ အဲသည်လိုသာဆိုရင် ခိုင်တို့ ချစ်သူသက်တမ်းတွေ ရှစ်နှစ်ကျော်၊ ကိုးနှစ်လောက် ဖြစ်ရမှာ။
ခိုင့်အသက် ၁၈နှစ်ပြည့်တဲ့ နေ့လေးမှာတော့ ကိုဟာ ခိုင့်အတွက် မွေးနေ့လက်ဆောင်ဆိုတဲ့ အဖြူရောင် အမွေးပွ ယုန်ရုပ်ကြီးတစ်ရုပ်ရယ်၊ ကိတ်မု့န်လှလှလေးတစ်လုံးရယ်နဲ့ ခိုင့်အဆောင်ကို ရောက်လာခဲ့တယ်။ ကို့ အလာကို အလှတွေ ပြင်ထားပြီး တိတ်တခိုး မျှော်နေမိခဲ့တဲ့ ခိုင်လေ ဘယ်လောက် ကြည်နူးသွားခဲ့မိတယ်ဆိုတာ ပြောပြလို့တောင် မတတ်ပါဘူး ကိုရယ်။
“ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ ခိုင်” လို့ ပြောပြီး ချက်ချင်းဆိုသလိုပဲ “အဖြေပေးပါတော့ဟာ” တဲ့။
ခိုင့်မှာ ရင်ခုန်၊ ကြည်နူး၊ လှိုက်မောမှုတွေနဲ့ အပြုံးတွေ အရယ်တွေကြားမှာပဲ ခေါင်းညိတ်မိတော့ ကိုက စောဒတက်တယ်။
“ခိုင်ရယ်.. ခိုင့်ကို ကို ချစ်တယ်။ ကို့ ကို ချစ်တယ် မဟုတ်လားဟင်”
ခိုင်က ခေါင်းပဲ ထပ်ညိတ်မိပြပြန်တယ်။
“ချစ်တယ်လို့ ခိုင့်နှုတ်က ဖွင့်ပြောတာကို ကို ကြားချင်မိတယ်”
ကိုက ထပ်ပြီးတောင်းဆိုခဲ့တယ်။ ပြီးတော့ လေးနက်မှုတွေကို ကို့မျက်လုံးတွေမှာ ခိုင် မြင်ခဲ့ရတယ်။ အသက်ကို ပြင်းပြင်းရှုထုတ်ပြီး နှစ်ယောက်တည်း ကြားသာရုံလေသံလေးနဲ့ ခိုင် အဖြေပေးမိတယ်။
“ခိုင် ချစ်ပါတယ် ..”
ပြောပြီး ခိုင်က ရှက်မလို့ နှုတ်ခမ်းလေး ကိုက်ရုံ ရှိသေး။ ကိုက ရစ်တယ်။
“ဘယ်သူ့ကိုလဲ”
“နင့်ကိုလေ ..”
“ကိုတော့ လုပ်ပါ ခိုင်ရာ ..”
ခိုင် ရယ်လိုက်မိတော့ ကိုက လိုက်မရယ်ခဲ့ဘူးနော်။
“တကယ်ပြောတာ ခိုင်ရဲ့။ ကို စနေတယ် ထင်လို့လား”
လေးနက်မှုတွေနဲ့ ကို့ မျက်ဝန်းတွေက စူးရှသွားခဲ့ပြန်တယ်။ ခိုင်လေ ခိုင်တို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ အဲဒီနေ့၊ အဲဒီရက်လေးကိုလေး မမေ့သလို ခိုင်တို့တွေ ပြောခဲ့ကြတဲ့ စကားလေးတွေ၊ ကို့ရဲ့ အမူအရာလေးတွေ၊ ကို့ လှုပ်ရှားမှုလေးတွေ အားလုံးကိုလည်း ပြက်ပြက်ထင်ထင်ပဲ သတိရနေသေးတယ် ကိုရယ်။
ချစ်သူတွေ ဖြစ်ပြီးသွားကြတော့ ကိုက ခိုင့်ကို နေ့တိုင်း ကျောင်းပို့၊ ကျောင်းကြို လုပ်ပေးတယ်။ ကိုနဲ့ အတူတူ ကျောင်းသွားရတဲ့ နံနက်ခင်းတွေ၊ အဆောင်ပြန်ရတဲ့ ညနေခင်းတွေဟာလည်း ခိုင့်အတွက်တော့ ပူသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ၊ မိုးရေတွေ စွတ်စိုနေခဲ့ပါစေ အမြဲတမ်း သာသာယာယာနဲ့ လှပနေခဲ့တဲ့ အချိန်တွေပါပဲ။
ကို့မှာ အကျင့်တစ်ခု ရှိတယ်။ “ကို့ကို ချစ်တယ်နော်”လို့ ခိုင် ပြောတိုင်း “ကို့ကို ချစ်ရင် ကို မကြိုက်တာတွေ မလုပ်ရဘူးနော်” လို့ ကိုက ပြန်ပြောက လေ့ရှိတယ်။ “ကို မကြိုက်တာတွေ ခိုင် လုပ်ဖူးလားဟင်” ဆိုရင်တော့ ကိုက ရယ်ပြီး ခေါင်းယမ်းပါလေရော။ “မလုပ်ဘူးဘဲနဲ့ ဒီစကားပဲ မှာ မှာနေတယ်” ဆိုပြီး ခိုင် နှုတ်ခမ်းစူရင်တော့ ကိုက ခေါင်းကုတ်ပြီး ချော့ဖို့ ကြိုးစားတယ်။
“ခိုင် လုပ်ဖူးလို့ မဟုတ်ပါဘူး။ ခိုင် လုပ်မိမှာကို ကို စိုးရိမ်တာ”
ကို့ အဖြေကို ခိုင် မကျေနပ်ခဲ့ဘူးနော်။
“ဘာကို ကိုက စိုးရိမ်တာလဲ။ ရှင်းရှင်းပြော”
“ခိုင့်ကိုလေ ကို သိပ်ချစ်တယ်။ ကို့ စိတ်ထဲမှာ ခိုင့်ကို အမြဲတမ်း အပြစ်ကင်းနေစေချင်တယ်။ အပြစ်တစ်ခုခု လုပ်မိလည်း ချစ်တော့ ခွင့်လွှတ်မှာပဲ။ ပြီးတော့ ဆက်ချစ်နေဦးမှာပဲ။ ဒါပေမယ့် မသိဘူးကွာ။ ကို့စိတ်ထဲမှာ ခိုင့်ကို အပြစ်ကင်းနေစေချင်တာ ..”
“ဒါဆို ဘာတွေ ကို မကြိုက်ဘူးလဲ ပြော။ ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေနဲ့လို့”
စိတ်ရှုပ်ရှုပ်နဲ့ အော်မေးမိတော့ ကိုက ဘာမှ မပြောဘဲ မျက်နှာကြီးညိုပြီး ငြိမ်သက်နေခဲ့ပြန်တယ်။ ဒီတော့ ခိုင် ပေါက်ကွဲတာပေါ့။
“ယောက်ျားလေး သူငယ်ချင်းတွေထားတာ ကို မကြိုက်ဘူး။ ခိုင့်မှာလည်း တက္ကသိုလ်ရောက်ကတည်းက ယောက်ျားလေး သူငယ်ချင်း မရှိဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။ ညနေခင်းတွေ ကို မပါဘဲ ခိုင် အပြင်ထွက်မှာ ကို စိုးရိမ်တယ်။ အဲသည်လို စိုးရိမ်တတ်တယ်ဆိုတာ ခိုင် သတိထားမိကလည်းက နောက်ထပ် လုံးဝ မထွက်ခဲ့ဘူး။ လည်ပင်းဟိုက်တဲ့ အကျီင်္တွေ၊ လည်ပင်းပေါက် ကျယ်တာတွေ၊ ကျောပေါက်ကျယ်တာတွေ ကို မုန်းတယ်။ ခိုင် ကြိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် အခု လုံးဝမဝတ်တော့ဘူး။ နောက်ပြီး ..”
ခပ်စွာစွာ အသံနဲ့ အော်ပြောနေတဲ့၊ ခိုင့်စကားတွေ မဆုံးခင်မှာပဲ ကိုက အနမ်းတွေနဲ့ ဆီးတားပိတ်ပစ်လိုက်ခဲ့တော့ ခိုင့်မှာ အသက်ရှုဖို့ မေ့လျော့သွားခဲ့ရတဲ့အထိ။ ကို မှတ်မိသေးတယ် မဟုတ်လားဟင်။ အဲတာဟာ ခိုင်တို့ရဲ့ ပထမဦးဆုံးအနမ်း၊ ခိုင့်ဘဝရဲ့ ပထမဦးဆုံး အနမ်းဆိုတာလေ။ ပြန်တွေးကြည့်ရုံနဲ့တင် ခိုင့်ရင်တွေ လှိုက်ဖိုမောနေရပါသေးတယ် ကိုရယ်။
တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး နားလည်လိုက်လျောမှုတွေ ပေးခဲ့ကြလို့ ထင်ပါရဲ့။ ခိုင်တို့နှစ်ယောက်ကြားမှာ ပြသနာကြီးကြီးမားမားရယ်လို့ မရှိခဲ့ကြဘူးနော်။ ပြီးတော့ စိတ်ဆိုး၊ စိတ်ကောက်ပြီး မခေါ်မပြောကြတဲ့ ရက်တွေလို့လည်း မရှိခဲ့ဘူး။ တစ်ခါတစ်လေ ခိုင်က သေးသေးမွှားမွှားကိစ္စလေးတွေကို ဂျစ်ပြီး စိတ်ကောက်တတ်ပေမယ့် ကိုက ခိုင် စိတ်ကောက်မပြေမချင်း စိတ်ရှည်လက်ရှည်နဲ့ ချက်ချင်း ချော့တတ်တော့ ချစ်သူနဲ့ မခေါ်မပြောဘဲ အိပ်စက်ရခဲ့တဲ့ညဆိုတဲ့ ခိုင့်ဘဝမှာ မရှိခဲ့ဖူးဘူး။ ခိုင့်ဘဝမှာ ကို့ကို လွမ်းရတဲ့ ရက်တွေသာ ရှိခဲ့ဖူးတာပါ။
ချစ်သူတွေ ဖြစ်ပြီး ပထမဦးဆုံး နွေကျောင်းပိတ်ရက်တွေကို ခိုင် တကယ် မမေ့ဘူး ကိုရယ်။ အဲဒီတုန်းက ဘာဖြစ်လို့များ စာမေးပွဲဖြေပြီးပြီးချင်း ပြန်ဖြစ်ခဲ့သလဲလို့ တွေးမိတိုင်းလည်း ခိုင့်ကိုယ်ခိုင်လေ မကျေနပ်ဘူး။ တကယ်ဆို ကိုလည်း မပြန်သေးတဲ့အတူတူ ခိုင်လည်း နေခဲ့ဖို့ ကောင်းတယ်။ ကိုက စာမေးပွဲ မပြီးသေးလို့ မပြန်နိုင်သေးချိန် ခိုင်က ကို့ထက် တစ်ပတ်တိတိစောပြီး ပြန်ခဲ့မိတယ်။ ကိုကလည်း ခိုင့်ကို စာမေးပွဲပြီးပြီးချင်း ပြန်နော်၊ တော်ကြာ မိဘတွေ တစ်မျိုးထင်သွားရင် မကောင်းဘူးလို့ တိုက်တွန်းခဲ့တာကိုး။ ကို့စကားဆို နားထောင်ချင်လွန်းတဲ့ ခိုင်က ချက်ချင်းပဲ ခေါင်းညိတ်မိခဲ့တာပေါ့။
အဲသည်တုန်းကလေ ကားဂိတ်သွားတဲ့အထိလည်း ခိုင် မခံစားခဲ့ရသေးဘူး။ ကားထွက်သွားတဲ့အထိလည်း ခိုင်က လွမ်းရကောင်းမှန်း မသိသေးဘူး။ ကားဘီးတွေ လှိမ့်ပြီး လက်ပြနှုတ်ဆက်နေတဲ့ ကို့ ပုံရိပ်လေးက ခပ်မှုန်မှုန်လေး ကျန်နေခဲ့တော့မှ ခိုင့်မှာ မျက်ရည်တွေ ဝဲလာရတဲ့အထိ ကို့ကို နင့်နင့်သီးသီး လွမ်းသွားခဲ့ရတာ။ ခရီးတစ်ဝက်မှာ ကားရပ်နားတော့မှ ကို့အဆောင်ဖုန်းကို အပြေးအလွှားခေါ်ရတယ်။ ကိုက စာကျက်နေရာကနေ အပြေးအလွှား ဖုန်းလာကိုင်ခဲ့တာတဲ့။
ကို့အသံကြားတော့မှ ခိုင်မှာ ငိုချင်လာလို့ စကားတောင် မနည်းအားယူပြီး ပြောခဲ့ရတယ်။ ဒါကို ကိုကလည်း ချက်ချင်း သိခဲ့တာပဲနော်။
“လူကြားထဲမှာ တစ်ယောက်တည်း မငိုရဘူးနော် ခိုင်။ ခိုင့်ကို ကို သိပ်ချစ်တယ် သိလား။ နောက်တစ်ပတ် ကို ပြန်ရောက်ရင် ခိုင့်ဆီ အရင်ဆုံး လာခဲ့မယ်နော်”
ကိုက နှစ်သိမ့်ချော့မော့တော့ ခိုင့်မှာ မနည်း အားပြန်တင်းရတယ်။
အဲဒီတုန်းက ဟန်းဖုန်းတွေဆိုတာ အခုလိုမျိုး ပေါချင်းသောချင်းမှ မဟုတ်ခဲ့ဘဲနော်။
အိမ်ပြန်ရောက်တော့လည်း အိမ်ဖုန်းလေးများ မြည်လားမလားလို့ တစ်ရက်တစ်ရက် နားစွင့်ရတာ အမော။ ကို ဖုန်းဆက်လာခဲ့ရင် လွဲသွားမှာစိုးလို့ သူငယ်ချင်းတွေနဲ့တောင် အပြင်မထွက်ဖြစ်ဘဲ အိမ်တွင်းအောင်းပြီး စာတွေချည်း ဖတ်နေခဲ့မိတယ်။ ခိုင်ပြန်ရောက်ပြီး ၆ရက်မြောက်၊ ကို ပြန်မရောက်ခင် ၁ရက်အလိုမှာတော့ ကို့ဆီက စာတစ်စောင် ရောက်တယ်။ အမြန်အချောပို့နဲ့ ပို့လိုက်တဲ့ စာလေးရဲ့ ရက်စွဲက ခိုင် ပြန်သွားတဲ့ နေ့ရဲ့ ရက်စွဲပဲ။
“ခိုင်ရေ.. ဒီစာကို ခိုင်ဖတ်နေချိန် စာထက် ကိုက အရင် ရောက်နေနှင့်မှာကို တွေးမိပြီး စိတ်ပူပူနဲ့ပဲ ရေးလိုက်တယ်နော်” လို့ အစချီထားတဲ့ စာလေးထဲမှာ ကိုက ဖုန်းမဆက်လာခဲ့ရင် နားလည်ပေးဖို့၊ ခိုင့်မိဘတွေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့၊ နောက်ပြီး ပြန်ရောက်ရောက်ချင်း လာတွေ့မယ်ဆိုတာတွေ ရေးထားတယ်။ ခိုင့်ကို ချစ်တဲ့အကြောင်းတွေလည်း ရေးထားသေးတယ်။ ပထမဦးဆုံး ချစ်သူ့စာလေးမို့ ခိုင့်မှာ ကို့စာလေးကိုလေ ယွန်းဗူးလေးထဲထည့်ပြီး ခိုင်တို့နှစ်ယောက်စလုံး သိပ်နှစ်သက်တဲ့ ခရေပန်းခြောက်လေးတွေအတူတူ သိမ်းထားမိတဲ့ အထိပါပဲကိုရယ်။
အဲဒီတုန်းကလေ ပထမဦးဆုံးအကြိမ် ခွဲဖူးတာဆိုတော့ ခိုင့်မှာ တစ်ပတ်လုံးလုံး စားလည်း ကို့စိတ်၊ ထိုင်လည်း ကို့စိတ်၊ သွားလည်း ကို့စိတ်နဲ့ပေါ့။ ဘာလို့များ ကို့ကို အဲသည်လောက်ထိ ချစ်မိသွားလဲဆိုတာကိုလည်း အဖြေရှာဖို့ ကြိုးစားခဲ့ဖူးသေးတယ်။ ရေရာတဲ့ အဖြေလို့လည်း ရှာမတွေ့ခဲ့ပါဘူး ကိုရယ်။ ဘာကြောင့်ချစ်လည်း အဖြေရှာရင်း ကိုနဲ့ ပတ်သတ်တဲ့ အရာရာတိုင်းကို တအားချစ်နေမိတာ သတိထားမိတော့ ခိုင့်မှာ ဘဲဥအစပျောက်သလိုကို ဖြစ်ရော။
စာမေးပွဲဖြေပြီး ကိုပြန်လာလို့ တွေ့ဖြစ်တော့မှ အဲဒီအကြောင်းတွေကို ပြောပြပြီး ချွဲရတယ်။ တတွတ်တွတ်နဲ့ ခိုင်ပြောသမျှကို ကိုက စိတ်ရှည်လက်ရှည် နားထောင်ပေးရင်း ခိုင့်ဆံပင်တွေကို ထိုးဖွဆော့ကစားနေတယ်။ ခိုင်က ကို့ရင်ခွင်မှာ မှီနွဲ့ထားရင်း တစ်ဖက်က တောင်တန်းကြီးနောက်ကွယ်မှာ နစ်မြှုပ်ပျောက်ကွယ်စပြုနေတဲ့ နေဝန်းနီနီကြီးကို ကြည့်ငေးနေခဲ့တယ်။ မှတ်မှတ်ရရ ခိုင်တို့ထိုင်နေခဲ့ကြတာ သိမ်တောင်မှာနော်။
ကျောင်းတွေပြီးတော့ ခိုင်တို့နှစ်ယောက်အတူတူ အလုပ်ရှာကြတာလည်း ခိုင် အမှတ်ရပါတယ်။ ဖိုင်တွဲလေးတွေကိုင်ပြီး အင်တာဗျူးတွေ အတူတူ သွားဖြေကြတယ်။ ကို့အင်တာဗျူးကို ခိုင် အဖော်လိုက်တယ်။ ခိုင့် အင်တာဗျူးတိုင်းကိုလည်း ကိုက လိုက်စောင့်ပေးခဲ့တယ်။ ကိုက ခိုင့်ထက် တစ်လကျော်လောက်စောပြီး အလုပ်ရသွားတော့ ခိုင့်မှာ တစ်ယောက်တည်း အင်တာဗျူးတွေ သွားရင်း နေ့ခင်းဖက်တွေမှာ ယောင်ချာချာကြီး ဖြစ်နေခဲ့ရသေးတယ်။ အလုပ်တွေ အတူတူရှာကြတဲ့ ၃လလုံးလုံး ခိုင်တို့နှစ်ယောက်က အမြဲတမ်းလိုလို အတူတူ ရှိနေခဲ့ကြတာကိုး။ ညနေဖက်တွေမှာတော့ ကိုက ခိုင့်ဆီ လာတာမို့ မပျင်းရဘူးပေါ့။
ကိုက ပထမဦးဆုံး ထုတ်တဲ့ လစာကို ဘုရားလှူဖို့၊ မိဘကန်တော့ဖို့ ဖယ်ထားပြီး ခိုင့်ကို နာရီလေးတစ်လုံး အမှတ်တရ ဝယ်ပေးခဲ့တယ်။ အဲဒီ နာရီလေးဝယ်ပြီး ပြန်လာတဲ့ လမ်းမှာပဲ ခိုင့်ကို အလုပ်ခန့်လိုက်ပြီဆိုတဲ့ ဖုန်းလေး ဝင်လာခဲ့တာနော်။ ကို မမေ့သေးဘူးမို့လား။
နှစ်ယောက်စလုံး အလုပ်တွေ ဝင်ကြပြီးနောက်မှာလည်း ခိုင်တို့နှစ်ယောက် နေ့တိုင်းလိုလို တွေ့ဖြစ်နေတုန်းပဲနော်။ ကိုက အလုပ်က ပြန်လာရင် အဆောင်ပြန် ရေမိုးချိုးတယ်။ မမောနိုင်၊မပမ်းနိုင်နဲ့ ခိုင့်ဆီလာပြီး ညစာအတူတူစားဖို့ လာလာခေါ်တတ်တယ်။ ခိုင်ကလည်း အလုပ်က ပြန်ရောက်တာနဲ့ ရေချိုးအလှပြင်ပြီး ကို လာခေါ်တာကို အမြဲ စောင့်နေခဲ့တယ်။
တစ်ခါတုန်းက ကို အလုပ်ဆင်းတာ နောက်ကျတော့ ကို အမောပြေပါစေ၊ ပျော်ပါစေတော့ဆိုပြီး ခိုင်က ကို့အဆောင်ကို မှောင်ရီပျိုးချိန်မှာ လိုက်လာခဲ့မိတယ်။ ကို တအားစိတ်ဆိုးခဲ့တာနော်။ ညမှောင်မှောင်မှာ တစ်ယောက်တည်း အပြင်ထွက်လို့၊ ယောက်ျားလေး အဆောင်ကို လိုက်လာလို့၊ ခိုင့်သိက္ခာကို ခိုင် ထည့်မတွက်တတ်လို့ ဆိုပြီး ကိုက တအားတွေ ဆူခဲ့တာ။ ခိုင့်မှာ ညစာတောင် မစားနိုင်ဘဲ ငိုသာငိုနေခဲ့ရတယ်။ ကိုကလည်း နည်းနည်းမှ အလျော့မပေးခဲ့ဘူး။
အဲဒီညက ကိုရော၊ ခိုင်ရော ဖက်ထုပ်ဆီချက် တစ်ပွဲဆီ မှာပြီး ထိုင်နေခဲ့ကြပေမယ့် တစ်ဇွန်းမှ မစားဖြစ်ကြဘူး။ မာခဲတောင့်တင်းသွားတဲ့ ခေါက်ဆွဲပန်းကန်ကြီးကို ဆိုင်ရှင်က လာသိမ်းသွားတဲ့အထိ ကိုက ခိုင့်ကို စကားမပြောသေးဘူး။ ဆိုင်ပိတ်ပြီဆိုမှ ခိုင့်ကို ပြန်လိုက်ပို့ပေးတယ်။ ခိုင့်တိုက်ခန်းဝရောက်တော့မှ ကိုက ခိုင့်ကို စကားပြန်ပြောတယ်။ ပြီးတော့ နောက်အဲသည်လို မလုပ်ဖို့နဲ့ ကို စိတ်ပူတဲ့ အကြောင်းတွေ ပြောပြီး ချော့တယ်။ ကို ချော့တော့လည်း ခိုင်က ကို့ကို ဖက်ပြီး ငိုမိပြန်တာပဲ။ ခိုင်က တကယ်ကို မျက်ရည်လွယ်ပြီး အငိုသန်ခဲ့တာနော်။
မနှစ်တုန်းက အလုပ်မှာ ကို ရာထူးတတ်ပြီး တခြားမြို့ကို ပြောင်းရတော့လည်း ခိုင့်မှာ ငိုရတာပဲ။ ကို ရာထူးတက်တာကို မပျော်ဘူးလား ဟင် ဆိုပြီး ကို စနေတာကို ခိုင့်မှာ မပြုံးနိုင်ခဲ့ဘူးနော်။ ခိုင့်ကို အလိုလိုက်တဲ့ အနေနဲ့ ကိုက နှစ်ပတ်ကို တစ်ခါလောက် ခိုင့်ကို လာလာတွေ့တယ်။
နောက်တော့ ခိုင် ကံကောင်းတယ်ပဲ ပြောရမလား။ ဗိုင်ဗာမှာ ဗွီဒီယိုချက်တွေ ပါလာပါရော။ ခိုင်တို့တွေ ညတိုင်းလိုလို ဗွီဒီယိုချက်ကြတယ်နော်။ ဖုန်းတစ်ဖက်ဆီမှာ ညစာတွေ အတူတူ စားကြတယ်။ လုပ်စရာ ရှိတာတွေ လုပ်ကြတယ်။ လိုင်းကလည်း တက်လိုက် ကျလိုက် ဆိုတော့ ပြောရတာကနည်းနည်း၊ ပြန်ခေါ်နေရတာက ခဏခဏ ဖြစ်နေတဲ့ ညတွေကလည်း အများကြီးပဲ ရှိခဲ့သေးတယ်။ ခဏခဏ လိုင်းကျလို့ စိတ်တိုတတ်တဲ့ ခိုင့်ကို စိတ်ရှည်ပါနော်လို့ ချော့မော့ခဲ့တာလည်း ကိုပဲနော်။ ကို့မှာ ခိုင်က တွေ့ချင်လို့လည်း ညစဉ်ညတိုင်း လိုက်လျောရ၊ တစ်ပြန်ကြီး စိတ်တိုနေတဲ့ ခိုင့်ကိုလည်း စိတ်လျော့ထားဖို့ သတိပေး ချော့မော့ရနဲ့ ပြန်တွေးကြည့်တော့မှ ကို့ကို ခိုင်လေ သနားလိုက်တာ။ ကိုက တကယ့်ကို စိတ်ရှည်ပြီး နူးညံ့တဲ့ ယောက်ျားတစ်ယောက်ပဲ။
ဒီနှစ် သီတင်းကျွတ်ရင် လက်ထပ်ကြစို့လို့ ကို ပြောခဲ့တော့ ခိုင် ဝမ်းမြောက်ဝမ်းသာပဲ ခေါင်းညိတ်မိတယ်။ ကိုရော ခိုင်ဟာ သင်ကြားတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ တစ်ဝမ်းတစ်ခါးကို နိုင်နိုင်နင်းနင်း ရပ်တည်နေပြီး မိဘတွေကိုလည်း လုပ်ကျွေးပြုစုနိုင်ခဲ့ပြီ။ တစ်ယောက်အကြောင်း တစ်ယောက်လည်း အူမချေးခါးမကျန် နောကြေနေအောင် သိနေခဲ့ကြပြီးပြီ။ အသက်အားဖြင့်လည်း ၂၅နှစ်ပြည့်ပြီး ကြပြီ။ ဒီတော့ ခိုင်တို့ နှစ်ယောက် လက်ထပ်မယ် ဆိုလည်း သင့်ရောပေါ့နော်။
အခုပဲကြည့်။ ချစ်သူသက်တမ်းတောင် ၇နှစ် ပြည့်သွားပြီ မဟုတ်လား။
ဒါကြောင့်လည်း ဒီနေ့လေးမှာ နေ့တိုင်းထုတ်မဝတ်ရက်လို့ သိမ်းထားတဲ့ ကို့ပထမဆုံး လစာလေးနဲ့ ဝယ်ပေးထားတဲ့ နာရီလေးကို ခိုင် ပတ်လာခဲ့တယ်။ ခိုင် ဝတ်ထားတဲ့ အနွေးထည်လေးကိုလည်း ကြည့်ပါဦး။ ကို ဝယ်ပေးထားတာလေးပဲလေ။ ခိုင့်ဆံပင်ကို စည်းထားတဲ့ ခေါင်းစည်းကြိုးလေးကအစ၊ ခိုင်စီးထားတဲ့ ဖိနပ်လေးအဆုံး အားလုံးက ကို အမှတ်တရ ဝယ်ပေးထားတဲ့ ပစ္စည်းလေးတွေချည်းပဲ။ ဒီနေ့လေးမှာ ဒီအရာလေးတွေ အားလုံးကို ခိုင် တမင်သက်သက် ထုတ်ဝတ်လာခဲ့တာ။ ခိုင့်ကို ကြည့်ပါဦး ကိုရယ်။ ခိုင် မလှဘူးလား။
ကိုရေ.. ဒီနေ့လို နှစ်ပတ်လည်နေ့လေးမှာ ကို့အတွက် နှင်းဆီပန်းစည်းကြီး သယ်မလာဘဲ ခရေတွေ အများကြီး ယူလာခဲ့တာကိုလည်း ကို ကျေနပ်တယ် မဟုတ်လားဟင်။ ကို သိပ်ချစ်တဲ့ သည်ခရေပန်းတွေကိုလေ ခိုင်ကိုယ်တိုင် နံနက်ခင်း အစောကြီးထပြီး ကောက်ယူလာခဲ့တာပါ။ ကို့တစ်ကိုယ်လုံး၊ ကို့ရိပ်မြုံလေးတစ်ခုလုံးကို ခြုံလွှမ်းပေးဖို့ ခိုင်လေ ခရေတွေ အများကြီး ကောက်ယူလာခဲ့တယ် ကိုရယ်။
ခရေတွေခြုံပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပါနော် ကို။
သီတင်းကျွတ်မယ့် ရက်လေးတွေကို လက်ချိုးရေတွက်နေတဲ့ လက်လေးတွေတော့ နှစ်ဖက်လျော့ပြီပေါ့။ ဒါပေမယ့်လေ ကို့ လက်ဖဝါးလေးတွေနဲ့ ခိုင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတိုင်း ခံစားရတဲ့အထိအတွေ့ ခံစားချက်တွေကို ခိုင့်လက်လေးတွေက မှတ်မိနေပါသေးတယ်။ ပြီးတော့လေ ခိုင့်ဘယ်ဖက်လက်သူကြွယ်လေးမှာ ကိုနဲ့ဆင်တူ လုပ်ထားတဲ့ လက်စွပ်လေးကို ဝတ်ထားသလို၊ ခိုင့်လက်ခလယ်လေးမှာတော့ ကို့လက်စွပ်လေးကို ဝတ်ထားတယ်။ ဆင်တူဝယ်ခဲ့ဖူးတဲ့ လက်စွပ်လေးကို ဝတ်ဆင်မယ့်သူ တစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တော့လည်း ခိုင်တစ်ယောက်တည်းကပဲ နှစ်ကွင်းလုံးကို ဝတ်ရတော့တာပေါ့။
ခိုင့်ကိုတော့ ကို စိတ်ချပါနော်။ ခိုင်လေ ကို့အကြောင်းတွေးမိတိုင်း၊ ကို့ကို လွမ်းရတိုင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး မငိုတတ်တော့ပါဘူး။ ဟိုတုန်းကလို ထစ်ခနဲရှိရင် ငိုတတ်တဲ့၊ မျက်ရည်လွယ်တဲ့ သူတစ်ယောက်လည်း မဟုတ်တော့ဘူး။ ကို့အကြောင်းတွေ တွေးမိတိုင်း၊ အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေကို ပြန်ပြောင်းအောက်မေ့ပြီး ကြည်နူးတတ်နေပါပြီ။
ပြီးတော့လေ ကို မကြိုက်တာတွေ၊ ကို စိတ်ပူတာတွေကိုလည်း ဘာတစ်ခုမှ ခိုင် မလုပ်တော့ဘူး သိလားကို။ ကို မကြိုက်တဲ့ အနီရောင်ရဲရဲတွေလည်း ခိုင် မဝတ်တော့ဘူး။ လည်ပင်းဟိုက်တာတွေ၊ လည်ပင်းပေါက် ကျယ်တာတွေလည်း ခိုင် မဝတ်တော့ဘူး။ အစာကိုလည်း မှန်မှန်စားတယ်။ မှောင်ပြီဆိုရင် အပြင်မထွက်ဘူး။ ညဖက်တွေလည်း စောစောအိပ်တယ်။ ဘုရားရှိခိုးတာ၊ တရားသဘောတွေ ဆင်ခြင်မိတာတော့ မပြောပါနဲ့တော့ ကိုရေ။ သင်္ခါရတရားဆိုတာကို ရင်မှာ နှလုံးသွင်းထားပြီး အလွမ်းတွေကြောင့် မျက်ရည်မကျမိအောင် ဆင်ခြင်နေရသူပါ။
ကိုရေ.. စည်းတွေခြားသွားခဲ့ပေမယ့် ခိုင်လေ ကို့ကို သိပ်ပြီး ချစ်နေဆဲပါပဲ။ အမှတ်တရလေးတွေကို တွေးပြီး ခိုင် ပျော်တတ်လာသလို ကိုလည်း ကို့ကမ္ဘာ၊ ကို့ဘဝသစ်လေးမှာ ပျော်ရွှင်နေပါစေ ကို။ ပျော်နေပါစေ အချစ်ရယ်။
အခုလေ ကို့ အုတ်ဂူဖြူဖြူလေးမှာ ခရေတွေက နေရာမလပ် လွှမ်းခြုံထားကြတယ်။ အာရုံဦးနေရောင်ခြည် နုနုလေးတွေက ကို့ကို အနွေးဓါတ်လေးတွေနဲ့ ခြုံလွှမ်းဖို့ ကြိုးစားနေကြတယ်။ ခရေလေးတွေကို နေခြည်ပျောက်လေးတွေ ထိုးနေတာ သိပ်ပြီး လှတယ် ကိုရယ်။ ပြီးတော့လေ သည်ဝန်းကျင်တစ်ခုလုံး ခရေနံ့လေးတွေ သင်းနေတာပဲ။ တိတ်ဆိတ်နေတဲ့ ဝန်းကျင်လေးမှာ ခရရနံ့လေးတွေကို ရှုရှိုက်ပြီး ကို ပျော်ရွှင်ပါစေနော်။
ကိုရေ.. ဟောသည် ကမ္ဘာလောကမှာ ကို မရှိတော့ပေမယ့် ခိုင့်ရင်ထဲမှာတော့ ကိုက ထာဝရ ရှင်သန်နေဆဲပါ။ မကြာခင်ဆိုရင် ခိုင်ရော၊ ကိုရော အသက် ၂၅နှစ် ပြည့်ကြတော့မယ်ဆိုပေမယ့် ဒီတစ်သက်တော့ ခိုင်တို့နှစ်ယောက် ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ရုပ်ချင်းမနီးပေမယ့် စိတ်ချင်းတွေ နီးနေဦးမယ် နော်ကို။ ခိုင်လေ ကျန်နေဦးမယ့် သက်တမ်းတွေမှာ ကို့ကိုချစ်တဲ့ ချစ်ခြင်းတွေကို ရင်ဝယ်ပိုက်ရင်း ဘဝကို အကောင်းဆုံး ဖြတ်သန်းဦးမယ်။ ဒါကလေ ချစ်သူ သက်တမ်း ခုနှစ်နှစ်ပြည့်နေ့အတွက် ကို့ကို ပေးတဲ့ ခိုင်ရဲ့ ကတိလက်ဆောင်ပါပဲ။
ကိုကရော.. ခိုင့်ကို ဘယ်လို လက်ဆောင်များ ပေးမှာလဲဟင်။ ဒီတစ်ခါတော့ ကို မရှိဘဲ ပထမဦးဆုံးအကြိမ် ဖြတ်သန်းရမယ့် နှစ်ပတ်လည်နေ့လေးမို့ အမှတ်တရ လက်ဆောင်လေးကို ခိုင်ကပဲ စတင် တောင်းဆိုခွင့် ပြုပါနော်။
ဒီည ခိုင့်ကို ကိုနဲ့အတူတူ အိပ်မက်လှလှလေး မက်ခွင့်ပေးပါ။ ခိုင့်အိပ်မက်လေးထဲကို ကို လာခဲ့ပါ။ အိပ်မက်လေးထဲမှာ ကို့နဲ့ ခဏလေးပဲဖြစ်ဖြစ် ဆုံစည်းပါရစေ။ ချစ်အနမ်းတွေ ခြွေပါရစေ။ အားကိုးတကြီးတွယ်ဖက်ပါရစေ။
ခိုင်ကလေ အဲသည် တဒင်္ဂလေးကိုပဲ ထာဝရအဖြစ်နဲ့ မှတ်ယူကြည်နူးနေဦးမှာပါ။ ကို လာခဲ့မယ် မဟုတ်လားဟင်။ လာခဲ့ပါနော်။ အိပ်မက်တွေထဲမှာတော့ ခိုင်တစ်ယောက်တည်း အထီးမကျန်ပါရစေနဲ့ ချစ်သူရယ်။
ခိုင့် ဆန္ဒလေး ပြည့်ပါရစေ ကွယ်။

 


Credit>>>မြတ်ပန်းနွယ်။

No comments:

Post a Comment