သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံဒေသ၌ ဘုရား၊ ပုထိုး၊ စေတီအများစု ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေပြီး လတ်တလော သွားရောက်လည်ပတ်မရနိုင်သည့် စေတီ၊ ပုထိုး ၁၈ ဆူရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၈ ရက်က ကြေညာခဲ့သည်။
လတ်တလော ပိတ်ပင်ခဲ့သည့် ၁၈ ဆူအနက် နေ၀င်၊ နေထွက်ချိန်ကို ကြည့်ရှုနိုင်သည့် ပြသာဒ်ကြီး၊ ရွှေစံတော်၊ တောင်ဂူနီနှင့် အခြားကျောင်းကြီး အစ်မ၊ ကျောင်းကြီး ညီမ၊ မြင်းကမ္ဘာရွာ၊ ပုထိုးသားများ၊ အာနန္ဒာ အုတ်ကျောင်း၊ ရွှေကျောင်း၊သကြားပုံ၊ မြင်းပြဂူ၊ ရွှေသာလျောင်း၊ နတ်လျောင်ကျောင်း၊ သကျမုနိ၊ နွားပြဂူ၊ ရွာဟောင်းကြီး၊ ကျောက်ဂူဥမှင်၊ ဂူပျောက်ငယ်တို့ ပါဝင်သည်။
ယင်း ၁၈ ဆူမှလွဲပြီး အခြားဘုရား၊ စေတီ၊ ပုထိုးများကို သွားရောက် လည်ပတ်နိုင်ကြောင်း၊ လက်ရှိတွင် ပုဂံ၌ ထိခိုက်ပျက်စီးခဲ့သည့် စေတီ၊ ပုထိုး ၄၄၉ ဆူကို အမိုးအကာများအုပ်ခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်း၊ အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်း၊ ပြုပြင်ရန် ဆိုင်းဘုတ်ဆင်ခြင်းနှင့် အသေးစိတ် အချက်အလက် ကောက်ယူနေမှုတို့ ပြုလုပ်နေကြောင်းလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နှစ်စဉ် နိုင်ငံခြားသား ခရီးသွားများ အပါအ၀င် ခရီးသွားဧည့်သည် သုံးသိန်းနီးပါးအထိ ၀င်ရောက်နေသည့် ပုဂံဒေသသို့ သွားရောက်မည့် ခရီးစဉ်အတွက် ဘုရားစေတီဝင်းအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ခြင်းမပြုရန်၊ ပြိုကျသောမျက်နှာကြက်နှင့် နံရံများအနီး ဖြတ်သန်းသွားလာခြင်း မပြု လုပ်ရန်၊ မည်သည့် အပျက်အစီးအပိုင်းအစကိုမျှ ယူဆောင်လွှင့်ပစ်ခြင်း မပြုရန်၊ နံရံဆေး ရေးပန်းချီများအား ကိုင်တွယ်ခြင်း မပြုရန်နှင့် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများအား အနှောင့်အယှက် မပြုလုပ်ရန် ဟိုတယ်/ခရီးမှ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ထိခိုက်ပျက်စီးခဲ့မှုများအနက် တန်ဖိုးမဖြတ်နိုင်သည့် နံရံဆေးရေးပန်ချီးများ၊ အင်္ဂတေပန်းများနှင့် စဥ့်ကွင်းလက်ရာများ ပါဝင်ကြောင်း သိရသည်။
#Credit Eleven

No comments:
Post a Comment