Sunday, February 1, 2015

ထမင်းတစ်လုပ်အတွက် ထင်းခုတ်မစားဘဲ လောကကို အလှဆင်သူတွေ




အပေါ်ယံ အမြင်ပန်းအားဖြင့်တော့ ရန်ကုန်မြို့ကြီးဟာ တိုးတက်နေပေမယ့် လူတစ်ယောက် ကိုယ့်တစ်ဘဝ အောင်မြင်ကြီးပွားဖို့ ဖြတ်လမ်းနည်းတွေနဲ့ ကတုံးပေါ် ထိပ်ကွက်မှုတွေ လုပ်လေ့ရှိကြပေမယ့် တဝမ်းတခါးအတွက် တတ်ကျွမ်းရာပညာနဲ့ ဘဝဝမ်းရေးကို အနိုင်နိုင်ကျောင်းနေတဲ့ သူတွေလည်း ရှိနေပါတယ်။
အသက် ၈၃နှစ်ရှိပြီဖြစ်တဲ့ ဦးအုန်းခိုင်တစ်ယောက် နေပူမရှောင် မိုးရွာမရှောင်ဘဲ လှည်းတန်းကားဂိတ်မှာ ထီပေါက်စဉ် လှည့်ရောင်းသလို ပေါင်ချိန်စက်လေးတစ်လုံးနဲ့ သူ့ဘဝကိုကိုယ်တိုင် ဝမ်းကျောင်းနေပါတယ်။ မြေးဖြစ်သူတွေက မရောင်းခိုင်းပေမယ့် ကိုယ့်ဒူးကိုယ်ချွန်ရပ်တည်ချင်တာကြောင့် အခုလို လုပ်ကိုင်နေပြီး တစ်လကို တစ်သောင်းကျော်ဖိုး ရောင်းရသလိုတစ်ခါတစ်လေလည်း ထီပေါက်စဉ် အစောင် ၂ထောင်ကျော် ရောင်းရလေ့ရှိတယ်လို့ ပြောပြပါတယ်။


နေရာအနှံ့ ထီပေါက်စဉ်လိုက်ရောင်းနေတာကို ဘေးလူတွေက မကြည့်ရက်လို့ ပေါင်ချိန်စက်လာလှူထားတာမို့ အခုတော့ ဦးအုန်းခိုင်တစ်ယောက် နေရာအတည်တကျ ဖြစ်နေပါပြီ။ ပိုက်ဆံရှိသူတွေ လာဝယ်တဲ့အခါ တစ်စောင်တစ်ရာ ရောင်းပေမယ့် မေတ္တာရှိလို့ စေတနာအလျှောက် ပေးကမ်းသွားတာလည်း ရှိတာမို့ အသက်ကြီးပေမယ့် ကိုယ့်ဝမ်းကိုယ်ကျောင်း ရုန်းကန်တာ ချီးကျူးဖို့ကောင်းတယ်လို့ လှည်းတန်းမှာနေတဲ့ ကိုဆန်နီက ပြောပါတယ်။


အသက်အားဖြင့် မအိုသေးပေမယ့် ဈေးတောင်းရွက်ရင်း ရထားပေါ်ကပြုတ်ကျလို့ ခြေတစ်ဖက်ပြတ်သွားတဲ့ မခင်ဦးလှိုင်ကတော့ သူရဲ့တူသုံးယောက်ကို သူတတ်ကျွမ်းတဲ့ အဆိုပညာနဲ့ ဒုက္ခအဖြစ် လုပ်ကျွေးနေသူပါ။ သီချင်းဆိုရင်း ဝမ်းစာရှာတဲ့ ၁၃နှစ်အတွင်း ရဲက ၂လလောက်ဖမ်းထားလို့ ဒုက္ခပင်လယ်ထဲ မျောခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အဖေသင်ထားပေးတဲ့ အဆိုပညာနဲ့ လုပ်ကိုင်စားသောက်တာ တစ်ခါတစ်လေ ရှက်ပေမယ့် ဘာမှ မတတ်နိုင်ဘူးလို့ဆိုပါတယ်။


ဇရာကြောင့်ဖြစ်စေ၊ ဒုက္ခတိဖြစ်လို့ဖြစ်စေ သူတစ်ပါးပေးစာကို အခမဲ့တောင်းရမ်းယူတာထက် တတ်ကျွမ်းတဲ့ပညာနဲ့ ဘဝကို ရုန်းကန်ကြသူတွေရဲ့ အားမာန်တွေကတော့ မြို့ပြရဲ့အသက်ရှုသံတွေအောက်မှ လှပနေဆဲပါပဲ။


Credit>>>Kamayut Media

No comments:

Post a Comment