၂၀၁၂ ခုနှစ်မှစတင်၍ အာဆီယံဒေသတွင်း နိုင်ငံများအကြား အိုင်စီတီဆုကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အာဆီယံ အိုင်စီတီဆုကို ဒုတိယအကြိမ် ထပ်မံရရှိခဲ့ကြောင်း သိရသည်။
ဆုအမျိုးအစားပေါင်း ၅ မျိုး ပေးအပ်သည့်အနက် Corporate Social Responsibility (CSR) အမျိုးအစားကို မြန်မာနိုင်ငံမှ Blue Ocean Operating Management ကုမ္ပဏီက ရွှေတံဆိပ်ဆု အနေဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
“ငွေသားအနေနဲ့ မဟုတ်ပါဘူး။ ဆုတံဆိပ်အနေနဲ့ ရရှိခဲ့တာပါ” ဟု Blue Ocean ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ အာဆီယံ အိုင်စီတီဆုကို ထိုင်းနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးပွဲ၌ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“ဆုက တတိယအကြိမ်အနေနဲ့ ပေးတာပါ။ မြန်မာအနေနဲ့က ဒုတိယအကြိမ်အနေနဲ့ ရရှိခဲ့တာပါ။ ပထမတစ်ခါ ရတုန်းကလည်း CSR ခေါင်းစဉ်နဲ့ပဲ အမြင့်ဆုံးရွှေတံဆိပ်ကို ရခဲ့တာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းတင့်က ပြောသည်။
အာဆီယံ အိုင်စီတီဆုကို Call Center အနေဖြင့် Blue Ocean က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဆုများကို အာဆီယံ ဒေသတွင်းနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ အကြီးအကဲများက ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်အတွက် အာဆီယံ အိုင်စီတီဆုကို CSR ခေါင်းစဉ်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်တို့အတွက် GIS နည်းပညာများအခြေခံ၍ လုပ်ကိုင်ဆောင်ရွက်နေသည့် Credent Technology က ရရှိခဲ့ခြင်းဖြစ်သည်။
Credit>>>Internet Journal

No comments:
Post a Comment