Monday, February 2, 2015

ပြတင်းတံခါးအားလုံးကို ပိတ်မထားခဲ့ပါ


ေ ဆေးပညာသုတေသနရဲ့ လေ့လာဆန်းစစ်ချက်မှာ နှလုံးသွေးကြောပိတ်ဝေဒနာခံစားရတဲ့ လူနာရှင်တွေရဲ့နှလုံးဟာ ထူးထူးဆန်းဆန်း ကြီးမားလာတတ်တယ်။
နှလုံးကဖြစ်ပေါ်လာတဲ့အနာအဆာကို ကြိုးစားပြီး တိုက်ထုတ်အံတုနေပုံရပါတယ်။

ကျောက်ကပ်ရောဂါဝေဒနာရှင်တွေမှာလည်း ဘယ်ဘက်ကျောက်ကပ်ကိုထုတ်လိုက်ပြီးရင် ညာဘက်ကျောက်ကပ်ရဲ့ရှင်သန်မှုက ခွဲစိတ်မှုအပြီးမှာ ၁ဝဆလောက် သန်မာအားကောင်းလာတတ်ပါတယ်။ ဒါကြောင့် ဆေးပညာသုတေသနမှာ ဒီလိုဥပဒေတစ်ရပ် ထုတ်ခဲ့ပါသတဲ့။

“လူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခုချွတ်ယွင်းရင် အဲဒီချွတ်ယွင်းချက်ကို ထောက်ကူဖာထေးပေးတဲ့ နည်းလမ်းနဲ့ စိတ်ပိုင်းဆိုင်ရာတစ်ခုခုက ဧကန်မုချပေါ်လာတတ်ပါတယ်”

ဒီလို “ထောက်ကူဖာထေးတဲ့ဥပဒေ”က ခန္ဓာကိုယ်ပေါ်မှာ အသုံးဝင်ရုံမက လူ့ဘဝအဖက်ဖက်မှာလည်း အသုံးဝင်တယ်လို့ ကျွန်တော်မြင်ပါတယ်။

ဥပမာ-- ဂီတပညာရှင် Beethovenဟာ သူရဲ့ဆန်းသစ်တီထွင်မှုတွေ အထွဋ်အထိပ်ကိုရောက်စဉ်ကာလက သူ့အကြားအာရုံ တဖြည်းဖြည်းဆုံးရှုံးချိန်ဖြစ်ခဲ့တယ်။ သူ့အကြားအာရုံ လုံးဝပျောက်ဆုံးသွားပြီးချိန်မှာ သူဟာ ထင်ရှားကျော်ကြားတဲ့ သူရဲကောင်း(Eroica)၊ Moonlight Sonata၊ Fifth Symphony … စတဲ့ တေးဂီတသံစဉ်တွေကို ရေးသားနိုင်ခဲ့ပြီး သူ့တီထွင်ဖန်ဆင်းမှုကို ပိုမိုပြောင်မြောက်စေခဲ့တယ်။
ရှေးယခင်ကနေ ဒီနေ့ထိတိုင် ကြီးကျယ်မြင့်မြတ်တဲ့လူတွေဟာ သူတို့ဘဝ အခက်ခဲဆုံးအချိန်၊ အဆင်းရဲ အပင်ပန်းဆုံးအချိန်၊ ဒုက္ခပိုဝေချိန်မှာပဲ ထူးခြားတောက်ပတဲ့အောင်မြင်မှုကို ပိုဆွတ်ခူးရရှိခဲ့ကြတယ်။
ထင်မှတ်မထားတဲ့အချိန်မှာ အင်အားရှိတဲ့အရာတစ်ခုခုက ကျွန်တော်တို့ကို တစ်စုံတစ်ခု ထောက်ပံ့ပေးနေသလိုမျိုးပါပဲ။ ဆင်းရဲသူကို ဆင်းရဲခြင်းမှကင်းလွတ်ချင်တဲ့စိတ်၊ သိမ်ငယ်သူကို ကြိုးစားမြင့်မြတ်လိုတဲ့စိတ်၊ ကျရှုံးသူကို အောင်မြင်မှုတွေရိတ်သိမ်းခွင့်၊ ကံမကောင်းသူကို အထူးစာနာကြင်နာမှုတွေ ပေးနေခဲ့တယ်။

အခုအချိန်မှာ သင်ဟာ ဆင်းရဲပြီး သိမ်ငယ်ကောင်း သိမ်ငယ်နေလိမ့်မယ်၊
ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံကောင်း တွေ့ကြုံနေလိမ့်မယ်၊ ဒါပေမယ့် အင်အားတစ်စုံတစ်ခုက သင့်ကို တစ်စုံတရာပံ့ပိုးထောက်ကူနေပါတယ်။ အခုအချိန်မှာ သင်ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ပဲ သိမ်ငယ် ကံမကောင်းဖြစ်နေခဲ့ရင်တောင် ဘုရားသခင်က ပြတင်းတံခါးပေါက်အားလုံးကို ပိတ်မထားတတ်ပါဘူး၊ တကယ်လို့ သင့်ရဲ့တံခါးတစ်ပေါက်ကိုပိတ်ခဲ့ရင်တောင် သင့်အတွက် အခြားပြတင်းတစ်ပေါက်ကို သူဖွင့်ပေးတတ်တယ်ဆိုတာကိုတော့ သင်ယုံကြည်ထားလိုက်ပါ။




Credit>>>နိုင်းနိုင်းစနေ

No comments:

Post a Comment