Wednesday, January 28, 2015

လက်နဲ့ရေးခြင်းကို မစွန့်လွှတ်သင့်သော အချက်(၉)ချက်


ယနေ့လူသားများ စာရွက်နဲ့ဘောပင်ကိုင်တာ နည်းသထက် နည်းလာနေပြီ။ စမတ်ဖုန်းများ တွင်ကျယ်လာပြီးနောက်ပိုင်း တစ်ခုခုပြောစရာရှိလျှင် ဖုန်းနဲ့စာရိုက်ပြီး ပြောလိုက်ကြသည်။ စာရွက်နဲ့ ဘောပင်သုံးပြီး ရေးနေတာမျိုး မလုပ်တော့။ တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝေးကွာနေသူချင်း စာရှည်ရှည်ရေးပြီး ဆက်သွယ်ချင်လျှင်လည်း ကွန်ပျူတာမှာ စာရိုက်ပြီး အီးမေးလ်က ပို့လိုက်ကြသည်။ စာရွက်နဲ့ ဘောပင် မေ့လိုက်ကြပြီ။ မည်သို့ပင်ဆိုစေ လက်နဲ့စာရေးသားခြင်းကို မစွန့်လွှတ်သင့်သည့် ကောင်းကွက်လေးများလည်းရှိနေပါသည်။
သုတေသနစစ်တမ်းများအရလည်း စာရွက်နဲ့ဘောပင်သုံးကာ လက်နဲ့ စာရေးခြင်းသည် ကိုယ်ပိုင်းရော စိတ်ပိုင်းအတွက်ပါ အကျိုးရှိစေကြောင်း သိရသည်။ လက်နဲ့ရေးကာ မှတ်သားသူသည် လေ့လာသင်ယူနိုင် စွမ်းပိုမြင့်မားသည်။ ဘ၀အပေါ် အကောင်းဘက်က ပိုကြည့်ဖြစ်သည်ဟု စစ်တမ်းများက ဆိုသည်။ လူနှစ်ယောက်ကြား စာပို့တိုက် စာအိတ်များ၊ ပို့စကတ်များဖြင့် ဆက်သွယ်ခြင်းသည် နှစ်ကာလ တိုက်စားခြင်းဒဏ်ကို ပိုခံနိုင်သည်။ နည်းပညာအားကိုးဖြင့် ဆက်သွယ်ခြင်းသည် လတ်တလော ဆက်သွယ် ရေးအတွက် ကောင်းမွန်သော်လည်း ရေရှည် အမှတ်ရနေစေမည့် ဆက်သွယ်ရေးမျိုး ပေါ်ပေါက်ဖို့ မလွယ်။ လွန်ခဲ့သည့် ဆယ်နှစ်လောက်က လက်ခံရရှိထားသော စာအိတ်လေးရယ် စာလေးရယ်ကို ပြန်မြင်လိုက်ရခြင်း ၏ အရသာကို စမတ်ဖုန်းများက မပေးနိုင်။ ပို့သူဘက်က ဂရုစိုက်မှု၊ လက်ခံသူဘက်က တန်ဖိုးထားမှုကို လက်နဲ့ရေးသော ပေးစာများကသာ ဖော်ကျူးနိုင်သည်။ ချက်ချင်းရိုက် ချက်ချင်းပို့ ချက်ချင်းရောက်သော ခေတ်သစ် နည်းလမ်းများသည် ထိရောက်သည် မှန်သော်လည်း ရေရှည်တည်မည့် အနှစ်သာရ ကင်းမဲ့ နေရှာသည်။
ယနေ့ခေတ်ကြီးတွင် ကမ္ဘာ့ဘယ်နေရာ ရောက်ရောက် ချစ်သူခင်သူများနဲ့ ဘေးချင်းကပ် ထိုင်နေသည့်အလား နည်းမျိုးစုံဖြင့် ဆက်သွယ်နေနိုင်ပြီ။ စာရိုက်ပို့မလား၊ အင်တာနက်က ဖုန်းခေါ်မလား၊ ဗီဒီယိုချက်လုပ်မလား။ သို့သော် အဓွန့်ရှည် တည်မြဲမည့် အမှတ်တရမျိုး သိမ်းထားချင် သူဆိုပါက ဝေးကွာနေချိန်များတွင် စာရေးသားပြီး စာတိုက်က ပေးပို့ခြင်းမျိုး၊ ကိုယ့် လက်ရေးနဲ့ အမှတ်တရ ရေးထားသော ပို့စကတ်လေးများ ပေးပို့ခြင်းမျိုး လုပ်ဖြစ်အောင် လုပ်ပါဟု တိုက်တွန်းလိုသည်။ လက်နဲ့ရေးခြင်းကို မစွန့်လွှတ်သင့်သည့် အချက် (၉) ချက်ကို အောက်တွင် ဖော်ပြပါမည်။
လက်နဲ့ရေးခြင်းက ခေါင်းထဲမှာ ပိုစွဲစေသည်
ဖုန်းမှာ စာရိုက်ခြင်း၊ ကီးဘုတ်မှာ စာရိုက်ခြင်းထက် လက်နဲ့ ရေးခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုကို ပိုအထောက်အကူပြုကြောင်း လေ့လာမှုစစ်တမ်း အများအပြားက ဆိုထားသည်။ လက်နဲ့ရေးမှတ်သော ကျောင်း သားများ ဆရာသင်တာ ပိုမှတ်မိသည်။ နှစ်များစွာကြာလာပြီးမှ ပြန်စဉ်းစားသည့် အခါတွင်လည်း လက်နဲ့ရေးထားတာများကို ပိုသတိရကြသည်။
လက်နဲ့ရေးခြင်းက တစ်ဖက်သားကို အလေးထားရာ ရောက်သည်
နေကောင်းလား၊ အဆင်ပြေလား စသဖြင့် ဖုန်းကနေ မက်ဆေ့ဂ်ျပို့ပြီး လူတစ်ယောက်ကို ဂရုစိုက်ပေးနိုင်သည်။ မိနစ်ပိုင်းပင် မကြာဘဲ ပြီးနိုင်သည်။ သို့သော် ထိုသို့ မလုပ်ဘဲ မာကြောင်းသာကြောင်း သတိရကြောင်းကို စာရွက်ပေါ်မှာ ကိုယ်တိုင်ရေးမည်။ စာအိတ်ဝယ်၊ တံဆိပ်ခေါင်းကပ်၊ စာတိုက်ပုံးထဲ ကိုယ်တိုင်သွားထည့်မည်။ ပို့လိုသူဆီ တစ်ရက် နှစ်ရက်လောက်နေမှ ရောက်မည်။ ထိုနှစ်ခု လေးနက်မှုချင်း မတူ။ ကိုယ်တိုင် လက်နဲ့ရေး၊ စာတိုက်ပုံးဆီ သွားပြီး တကူးတက ရေးပို့လိုက်သော စာကလေးတစ်စောင်သည် လက်ခံရသူအဖို့ ဘ၀တစ်လျှောက် စိတ်အားငယ်တိုင်း ထုတ်ကြည့်ပြီး အားတက်စရာ ဆေးစွမ်းကောင်းလေး ဖြစ်သွားနိုင်သည်။
ကိုယ်လည်း ခံစားချက်ကောင်းသည်
မိမိစိတ်ထဲရှိတာများကို လက်က တစ်ဆင့်ဘောပင်ကို ဖြတ်ပြီး ရေးထုတ် လိုက်ရခြင်းသည် လူကို စိတ်ပိုလန်းဆန်းစေ၏။ စိတ်ဖိစီးမှုကို ကျစေနိုင်စွမ်းရှိ၏။ သိပ္ပံသုတေသနများ ကလည်း ထောက်ခံထားသည်။ နေ့စဉ် ဒိုင်ယာရီစာအုပ်လေး ထားပြီး ရေးမှတ်တာမျိုး၊ တစ်နေ့တာ ကျေးဇူးတင်မိတာများကို ရေးသားတာမျိုး၊ အနာဂတ် ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ရေးချထားတာမျိုးသည် စိတ်ကူးကို လက်တွေ့ ဘ၀ထဲ ဆွဲသွင်းဖို့ စိတ်ခွန်အားကိုပါ ဖြစ်စေကြောင်း ရေးဖူးသူတိုင်းသိသည်။ ကွန်ပျူတာဖြင့် ရိုက်သူ၊ ဖုန်းထဲက မှတ်စုမှာ မှတ်ထားသူများ ထိုခံစားချက် မရနိုင်။
လက်နဲ့ရေးတော့ စကားလုံးတိုင်းက တန်ဖိုးရှိနေသည်
ကွန်ပျူတာမှာ စာရိုက်တာ၊ ဖုန်းနဲ့ စာရိုက်တာက ရေးချင်သလိုရေး၊ ဖျက်ချင်သလို ဖျက်လို့ရသည်။ လက်နဲ့ရေးတာက ဖျက်ရမလွယ်။ ဒီတော့ စကားလုံးတိုင်းကို သေချာ ချိန်ဆရေးထုတ်ရသည်။ အကျိုး ဆက်ကား တန်ဖိုးရှိသော စကားလုံးများ ဖြစ်လာသည်။ စာရေးသား ပေးပို့ခြင်း၊ ပို့စကတ်မှာ ရေးသားပြီး ပေးပို့ခြင်းမျိုးသည် ပို့ပြီးလျှင် ပြန်ပြင်ရန် ခက်သောကြောင့် သေချာစဉ်းစားပြီး ပိုရေးဖြစ်သွားတော့သည်။
တီထွင်ဖန်တီးနိုင်စွမ်း တက်လာစေသည်
စကားလုံးတိုင်းအတွက် ဦးနှောက် ကနေ လက်ကို စီးဆင်းထွက်ကျရသည်။ စကားလုံး၏ အကွေ့ အ၀ိုက်တိုင်းကို လက်က ရေးနိုင်အောင် ဦးနှောက်က ညွှန်ကြားပေးနေရသည်။ လက်နဲ့ရေးသည့်အခါ ဦးနှောက် သည် အလုပ်ပိုလုပ်ရသဖြင့် ဦးနှောက် တက်ကြွလန်းဆန်းကာ တီထွင်ဖန်တီးနိုင်စွမ်း များပါ မြင့်တက်လာရသည်။ ဖုန်းဖြင့် စာရိုက်သည့် အခါမျိုးတွင် လက်က ကွေ့ဝိုက် ရေးစရာမလို။ ဖန်သားပြင်ကို လက်နဲ့ ပုတ်သည့် အလုပ်သာရှိသည်။ ကြိုခန့်မှန်းဖော်ပြနိုင်သော ဖုန်းကီးဘုတ်မျိုး ဖြစ်ပါက စာလုံးပင် အပြည့်စဉ်းစားစရာ မလို။ ပေါ်လာသည့် စာလုံး အပြည့်အစုံကို နှိပ်လိုက်ရုံသာဖြစ်သည်။ ကြိုခန့်မှန်းဖော်ပြ ကီးဘုတ်များကို အားကိုးလွန်းသောကြောင့် စာလုံးပင် မှန်အောင် မပေါင်းတတ်တော့သည် အထိ အဖြစ် ဆိုးမှုများ ရှိလာပြီ။
အာရုံစူးစိုက်မှု ကောင်းစေသည်
လက်နဲ့ ရေးသည့် စာလုံးတိုင်းအတွက် ဦးနှောက်က ရာနှုန်းပြည့် အားထုတ်ရသည်။ ဖုန်းနဲ့ စာရိုက်သည့်အခါ မြင်ရသော ခလုတ်ကို တို့ဖို့လောက်သာ ဦးနှောက်က အလုပ်လုပ်ရသည်။ ဈာန်ဝင်စားမှုအပြည့်ဖြင့် စာရေးလိုလျှင် လက်နဲ့ရေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ စာရွက်နဲ့ဘောပင် ကိုင်ကာ ရှင်းနေသော စားပွဲပေါ်မှာ ရေးခြင်းလောက် စိတ်တည်ငြိမ်မှုရတာ မရှိတော့။ကွန်ပျူတာနဲ့ ရိုက်သည့်အခါ နောက်ထပ်အာရုံကို ဆွဲဆောင်မှာတွေက အများကြီး ရှိနေသည် မဟုတ်လား။
လက်နဲ့ရေးတော့ ပလပ်နဲ့လည်း ဝေးဝေးနေနိုင်သည်
ယနေ့လူသားများ ပလပ်ပေါက်နဲ့ ဝေးလျှင် စိတ်ဂယောင်ချောက်ချားဖြစ်ကာ စိုးရိမ်နေတတ်ကြသည်။ ဖုန်းအားကုန် သွားမှာ၊ လပ်တော့ အားကုန်သွားမှာ စိုးရိမ်သော စိတ်က ထမင်းငတ်မှာ စိုးရိမ်စိတ် ထက်ပင် ပိုကြီးနေကြပြီ။ လက်နဲ့ရေးသည့် အခါ ဖုန်းလည်း အားကိုးစရာမလို၊ လပ်တော့ အားမရှိမှာလည်း တွေးပူနေရန် အကြောင်း မရှိ။ ပလပ်ပေါက်နဲ့ ကင်းဝေး စိတ်ချမ်းသာရေး အကျိုးကိုပါ ရမည်။
လူ့သမိုင်းအမွေအနှစ် ထိန်းသိမ်းရာလည်းရောက်သည်
အဖေနဲ့အမေ ချစ်ကြိုးသွယ်ခဲ့တုန်းက မေတ္တာစာကလေးများ အပြန်အလှန် ဆက်သွယ်ခဲ့ဖူးကြမည်။ အဘိုးနဲ့ အဘွားတုန်းက ဆိုလည်း ပေးစာကလေးများက ကြားက ကူညီခဲ့ပါလိမ့်မည်။ ရေခြားမြေခြားမှာ နေရသော မိသားစုများသည်လည်း သူတို့ ဘ၀အကြောင်းများကို စာရှည်ကြီးများ ရေးသားကာ ပင်လယ်ကူးသင်္ဘောများနဲ့ ထည့်ပေးလိုက်ကြလိမ့်မည်။ လက်ခံသူထံ လေးငါးခြောက်လမှသည် နှစ်ချီမှ ရရှိလိမ့်မည်။ ထိုအခါတွင်မှ လက်ခံသူများသည် တစ်ဖက်လူများ၏ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းများကို ခံစားကြလိမ့်မည်။ ထိုခံစားချက်မျိုး နွေးထွေးမှုမျိုး သိမ်မွေ့မှုမျိုးကို စမတ်ဖုန်းများ၊ အင်တာနက် ဆက်သွယ်ရေးများက မပေးစွမ်းနိုင်။ လက်ဖြင့်ရေးသားခြင်းဖြင့် သမိုင်း အမွေအနှစ်တစ်ခု မပျောက်သွားအောင် ထိန်းသိမ်းပေးနေခြင်း ဟုဆိုလျှင် မမှား။
အချိန်မရွေး တူညီသော ခံစားမှုကို ပေးစွမ်းနိုင်သည်
ပို့ထားတာ ကြာနေပြီဖြစ်သော ပေးစာများ၊ ပို့စ်ကတ်များသည်ပင် ပြန်တွေ့လို့ ပြန်ဖတ်လျှင် ဟိုတုန်းကအတိုင်း ပြန်ခံစားနိုင်သည်။ ပေးပို့သူ၊ လက်ခံသူများ သေဆုံးသွားသည် ဆိုလျှင်ပင် ကျန်ရစ်သူများအဖို့ ခံစားချက် ကူးစက်ခွင့်ရနိုင်ပြန်သည်။ သားစဉ် မြေးဆက် လက်ဆင့်ကမ်းဖတ်နိုင်သည်။ ကိုယ့်ဘိုးဘေး မိဘများ၏ ခံစားချက်များကို ကိုယ့်ရင်ထဲ ကူးစက်ထည့်သွင်း နိုင်သည်။ စာရွက်များပေါ်က လက်နဲ့ရေးသားထားသော စကားလုံးများက အချိန်ကာလကို ခုန်ကျော်ကာ ခံစားချက်တွေ ပြန်ထုတ်လွှတ် ပေးနိုင်သည်။ စာလုံးတိုင်း စာလုံးတိုင်းသည် ပူးဝင်ခံစားလို့ရနေသည်။ ရေးသူကို ကိုယ်စားပြုနေသည်။ စစ်မှန်သော ဖြစ်တည်မှုကို ဖော်ကျူးလျက် ရှိနေသည်။

Credit >>> Serch Myanamr

No comments:

Post a Comment