အသက် ၅၂ ရှိပြီဖြစ်တဲ့ ဂျက်မဟာ အခုအခါမှာတော့ အမေရိကန်ဒေါ်လာ ၂၇.၉ ဘီလီယံ ကြွယ်ဝ ချမ်းသာနေပြီဖြစ်ပါတယ်။ တချိန်တုန်းကတော့ သူဟာ တစ်လကို ၁၂ ဒေါ်လာဝင်ငွေသာ ရတဲ့ ကျောင်းဆရာအလုပ်ကို လုပ်ကိုင်ခဲ့သူပါ။
သူရဲ့ အောင်မြင်မှုများဟာ လက်တွေ့ကျကျကြည့်ရင် မယုံကြည်နိုင်လောက်စရာပါပဲ။
သူဟာ အကြိမ် ပေါင်းများစွာ ရှုံနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ
အဲ့ဒီကျရှုံးမှုတွေကို အကောင်းမြင်စိတ်နဲ့ ကျော်လွှား
ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ အခုစာစုမှာတော့ ကြုံတွေ့ခဲ့ရတဲ့ ရှုံးနိမ့်မှု ၅
ခုကို သူဘယ်လို ကျော်ဖြတ်သွားခဲ့သလဲဆိုတာ ဖော်ပြပေးသွားမှာပါ။
၁။ ကျောင်းမှာ စာမေးပွဲတွေ ကျရှုံးခဲ့သော်လည်း အရှုံးမပေးခဲ့
ဂျက်မဟာ ကျောင်းသားကောင်းတစ်ဦးတော့ မဟုတ်ပါဘူး။ “ကျွန်တော် မူလတန်း အတန်းတင်စာမေးပွဲ နှစ်ကြိမ်ကျခဲ့ဘူးပါတယ်။ အလယ်တန်းတုန်းကလည်း စာမေးပွဲ သုံးကြိမ်ကျဖူးတယ်။ ပြီးတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲလည်း နှစ်ကြိမ်ကျဖူးတယ်” လို့ ဂျက်မက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အံ့သြစွာပဲ သူတစ်ဦးတည်း ဒီလို ကြုံတွေ့ခဲ့ရတာမဟုတ်ပါဘူး။ အဲလ်ဘတ် အိုင်းစတိုင်း၊ ဝတ်စတန်ချာချီနဲ့ အေဘရာဟမ် လင်ကွန်းတို့လို တကယ့် ရာဇဝင်တွင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း သူတို့ရဲ့ ပညာရေးလမ်းကြောင်း အစပိုင်းတွေမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ဟာ ကြီးကျယ်တဲ့ ကိစ္စရပ်တွေကို လုပ်နိုင်ဖို့ ရှေ့ဆက်သွားနိုင်ခဲ့ပါ တယ်။
၂။ ဟားဗတ်တက္ကသိုလ်က ၁၀ ကြိမ်တိုင်တိုင် ငြင်းခဲ့သော်လည်း သူ့ကို တားမရခဲ့
သူ့ကို ဟားဗတ်တက္ကသိုလ်က ၁၀ ကြိမ်တိုင်တိုင် ငြင်းခဲ့တာက အံသြစရာမဟုတ်ပေမယ့် တစ်နေရာတည်းကို အကြိမ်အများကြီး အချိန်ကုန်ခံ လျှောက်ခဲ့တာတော့ အံသြဖို့ကောင်းပါတယ်။ ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုရင် ဂျက်မရဲ့ ဇွဲကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ။ “မင်းမှာရှိတဲ့ အရေးအကြီးဆုံး အရည်အချင်းက စိတ်ရှည်သည်းခံဖို့ပဲ” လို့ သူပြောဖူးပါတယ်။ သူဟာ Hangzhou Normal University ကိုလည်း အင်္ဂလိပ်စာ အဓိက တက်ရောက်ဖို့ သွားခဲ့ပါတယ်။
၃။ လျှောက်ခဲ့တဲ့ အလုပ်အကိုင်ပေါင်း ၃၀ က မရွေးခဲ့ပေမယ့် အကောင်းမြင်စိတ်ထားခဲ့
ကောလိပ်ကနေ ဘွဲ့ရပြီးတဲ့နောက်မှာ ဂျက်မဟာ အလုပ်အကိုင် ၃၀ ကို လျှောက်ခဲ့ပါတယ်။ သို့သော် သူလျှောက်သမျှ အလုပ်အားလုံးက သူ့ကို ငြင်းဆန်ခဲ့ပါတယ်။ သူဟာ ရဲအရာရှိဖြစ်ဖို့တောင်ဝင်လျှောက်ခဲ့ပါသေးတယ်။ သူတို့က ဂျက်မကို “မင်းက မတော်ပါဘူးကွာ” ဆိုပြီး အချိန်တစ်ရက်ကြာအောင် စီစစ်ခြင်းမရှိဘဲ ငြင်းဆန်ခဲ့ပါတယ်။
ကံကောင်းစွာနဲ့ပဲ ဂျက်မဟာ သူအကြိုက်ဆုံး Forrest Gump ရုပ်ရှင်ထဲက ဇာတ်ကောင်လို ဆက်ပြီး ပြေးနေခဲ့ပါတယ်(ဆက်ပြီးရှေ့ဆက်သွား)။ “ဒီနေ့ နာကျင်ရတယ်။ မနက်ဖြန် ပိုပြီးနာကျင်ရမယ်။ သန်ဘက်ခါကြရင်တော့ လှပနေမှာပါ” လို့ ဂျက်မက ဆိုဖူးးပါတယ်။
၎။ KFC မှာ ၂၄ ဦးအလုပ်လျှောက်တဲ့အထဲ သူတစ်ယောက်ပဲ အရွေးချယ်မခံရ
KFC ကြက်ကြော်ဆိုင်မှာ ၂၄ ဦးအလုပ်လျှောက်တာ သူတစ်ဦးတည်း ရွေးချယ်မခံရတာဟာ သူရဲ့ ပုပုကွကွနဲ့ ကြည့်မကောင်းတဲ့ ပုံဖြစ်နေလို့ပါပဲ။ ဂျက်မ ကြွယ်ဝချမ်းသာမလာခင် သူ့ကို လက်ထပ်ခဲ့တဲ့ သူရဲ့မိန်းမ ဇန်ရင် (Zhang Ying) ကတော့ “မက ရုပ်ဖြောင့်တဲ့ လူမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကျမ ချစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ရုပ်ဖြောင့်တဲ့သူတွေ မလုပ်နိုင်တဲ့ အလုပ်များစွာကို လုပ်နိုင်ခဲ့လို့ပါ” လို့ ပြောဖူးပါတယ်။
၅။ ဂျက်မရဲ့ အလီဘာဘာ (Alibaba) ကုမ္ပဏီကို ငွေကြေးထောက်ပံ့ဖို့ စည်းရုံးလို့ မရခဲ့
ဂျက်မဟာ အလီဘာဘာကို စတင်ခဲ့ပြီးတိုင်အောင် ကျရှုံးမှုများစွာနဲ့ ကြုံတွေခဲ့ရပါတယ်။ ပထမဆုံး နှစ်မှာ အမြတ်မထွက်ခဲ့ဘူး။ အစပိုင်းမှာ လုပ်ငန်းကို မြန်မြန်ဆန်ဆန်ချဲ့ခဲ့တယ်။ ပြီးတော့ ဒေါ့ကွန် စီးပွားရေးဈေးကွက်ပျက်သွားတဲ့အချိန်မှာ လုပ်ငန်းကပြိုလဲလုနီးဖြစ်ခဲ့တယ်။ အလီဘာဘာလုပ်ငန်းရဲ့ လည်ပတ်ငွေဟာ ၁ နှစ်ခွဲစာပဲ ရှိတော့တာကြောင့် ဒေဝါလီခံရဖို့ နီးနီးဖြစ်ခဲ့တယ်။
ဂျက်မဟာ အဲ့ဒီအဖြစ်အပျက်ကို “အလီဘာဘာလုပ်ငန်း အမှား ၁,၀၀၁” လို့ ဆိုခဲ့ဘူးပါတယ်။ ဂျက်မဘဝဟာ အရမ်းဆင်းရဲနေရာကနေ ချမ်းသာကြွယ်ဝသွားတဲ့ ဂန္တဝင်မြောက်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် သူရဲ့ ကြွယ်ဝမှုထက် ပိုပြီးအထင်ကြီးဖို့ကောင်းတာက သူ့ရဲ့ ထူးခြားတဲ့ ဇွဲကောင်းခြင်းပါပဲ။ တစ်စုံတစ်ဦးဟာ အမှားတွေ အများကြီးမရှိဘဲနဲ့တော့ အိမ်မက်တွေကို အကောင်အထည်ဖော် အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူက သက်သေပြနေတာပါ။
ဂျက်မက “သင် လက်မလျှော့ဘူးဆိုရင် သင့်မှာ အခွင့်အလမ်းရှိနေတုန်းပါပဲ။ လက်လျှော့လိုက်ခြင်း ကသာ အကြီးမားဆုံး ကျရှုံးမှုဖြစ်ပါတယ်” လို့ ဆိုခဲ့ဖူးပါတယ်။
#Credic
Source: entrepreneur .com
မူရင်း စီးပွားရှင်

No comments:
Post a Comment