Monday, February 9, 2015

Invitation, Confirmation & Cancellation ဆိုတာ .....

Invitation, Confirmation & Cancellation ဆိုတာ ..........
လူတစ်ယောက်နဲ့ တစ်ယောက် ...
ပေါင်းသင်းဆက်ဆံ အလုပ်လုပ်တာပဲဖြစ်ဖြစ် ၊
ခင်မင်မှုအရ ပွဲလမ်း အခမ်းအနားများကို ဖိတ်ကြားခြင်း ၊ တက်ရောက်ခြင်းများကို လုပ်ရတာပဲ ဖြစ်ဖြစ် ....
Yes or No ဆိုတဲ့ တိကျတဲ့အဖြေ Reply ဆိုတာ လိုအပ်တယ်။
အဖြေတစ်ခုကို ဖြေပြီးရင်လည်း ... Yes ဆိုရင် .. မပျက်မကွက် လုပ်ဆောင်ရမှာ ဖြစ်သလို ၊ မပျက်မကွက် တက်ရောက်ရမှာဖြစ်တယ်။ No ဆိုရင်လည်း .... တစ်ဖက်သူကို လေးစားသမှုနဲ့ မလုပ်ဖြစ်တော့တဲ့အကြောင်း ၊ မတက်ရောက် မလာနိုင်တဲ့အကြောင်းကို ... ပြန်လည်ပြောဆို အသိပေးတတ်ရတယ်။
ကျွန်မတို့ မြန်မာလူမျိုးတွေမှာ Reply လုပ်တဲ့ အလေ့အထ အားနည်းနေတယ်။
လတ်တလော ဥပမာ တစ်ခုအနေနဲ့ ပြောပြရရင် ....
ကျွန်မ အလုပ်ကိစ္စဖြစ်စေ ၊ အစီအစဉ်တစ်ခုဖြစ်စေ ၊ လုပ်ဆောင်ရမယ့် တာဝန်တစ်ခုဖြစ်စေ တိတိကျကျ ကြိုကြိုတင်တင် စေ့စပ်သေချာစွာ အချိန်ယူလုပ်ဆောင်တတ်တာ များတယ်။
ကျွန်မ မွေးနေ့မင်္ဂလာ အလှူပွဲအတွက် တစ်ယောက်ချင်းစီကို မဖိတ်ကြားနိုင်တာမို့ Facebook ပေါ်မှာ ... (၁)ပတ်အလိုမှာကတည်းက .. အားလုံးကို ဖိတ်ကြားခဲ့တယ်။ လာမည့်သူများကိုလည်း အမည်နဲ့ လာမည့်သူ အရေအတွက်ကို တိတိကျကျ စာရင်းပေးခိုင်းခဲ့တယ်။
အကြောင်းရင်းကိုလည်း ရှင်းပြခဲ့တယ်။
ရွာအလှူလိုမျိုး .. ကိုယ့်ခြံထဲက ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်ကို ရိုက်သတ်ပြီး မိုးပြဲဒယ်နဲ့ လာသမျှ အိမ်ရှေ့က ဖြတ်လျှောက်သမျှ လူတိုင်းကို လက်ယက်ခေါ်ပြီး ကျွေးတဲ့ အလှူလည်း မဟုတ်ဘူး။
ရန်ကုန်မြို့မှာလုပ်တဲ့အလှူ ဖြစ်တယ်။ ကိုယ်တိုင်မချက်နိုင်လို့ .. အစားအသောက်ကို လူဦးရေနဲ့ အတိအကျ အော်ဒါ မှာကြားရမှာ ဖြစ်လို့ ... တစ်ကယ်တက်ရောက်မည့်သူများသာ စာရင်းပေးပါရန် နှင့် (လာတော့လာချင်တယ်) ဆိုသောသူများအားလည်း စာရင်းထည့်မတွက်ပါလို့ ကြေငြာခဲ့တယ်။
လာမည့်သူများ စာရင်းကို ကျွန်မကိုယ်တိုင် နာမည်နှင့် လူဦးရေ အရေအတွက်နှင့် စာရင်းကောက်ယူပြီး တည်ခင်းဧည့်ခံရန် စီစဉ်ခဲ့တယ်။
မွေးနေ့ရက် အလှူနေ့မှာကျတော့ ... လာမည်ဆိုသူများ စာရင်းထဲမှ သုံးပုံတစ်ပုံသာ တက်ရောက်ကြတယ်။ ထိုတက်ရောက်သည့် လူများမှာလည်း .. အပြင်မှာ လွန်စွာရင်းနှီးသူများ (အများစု)ဖြစ်တယ်။
ပြောချင်တဲ့ အကြောင်းအရာက ..................
- ဖိတ်ကြားတဲ့သူက Invitation ဆိုတဲ့ သဘောတရားအရ (၁)ပတ် ကြိုဖိတ်တယ်။
- တက်ရောက်မည့် သူများက လာမည်ပြောတယ်။ စာရင်းပေးတယ်။
Cancellation ဆိုတဲ့ သဘောတရားအရ မလာနိုင်ရင် ၊ မလာဖြစ်ရင် အနည်းဆုံး (၁)ရက် ကြို အသိပေးရမယ်။
အသိမပေးနိုင်ရင် ၊ အသိမပေးဖြစ်ခဲ့ရင်လည်း ... ဘယ်လိုအကြောင်းမျိုးပဲ ရှိပါစေ ... မဖြစ်ဖြစ်အောင် တက်ရောက်သင့်တယ်။
အနောက်နိုင်ငံတွေမှာ မွေးနေ့ပွဲ ၊ မင်္ဂလာပွဲတွေကို Invitation Card နဲ့ ဖိတ်ကြားရင် .. Reply Card ဆိုတဲ့ ကဒ်အသေးလေးတစ်ခု တွဲထည့်ပေးကြတယ်။ အကြောင်းကတော့ ဖိတ်ကြားတဲ့ပွဲကို လူဘယ်နှစ်ယောက် တက်ရောက်မယ် .. တက်ရောက်မည့်လူနာမည် နှင့် အရေအတွက်ကို ဖိတ်ကြားသူများထံ အချိန်အခါအမှီ အကြောင်းပြန်ရခြင်း ဖြစ်တယ်။
Reply Card မှာ ရေးသားအသိပေးထားသော လူနာမည် နှင့် အရေအတွက် အတိုင်းသာ မွေးနေ့ရှင် ၊ မင်္ဂလာမောင်နှံက အစားအသောက်များကို By Name တပ်ပြီး စားပွဲပေါ်မှာ ထားရှိတယ်။ လူအပိုလည်း ထပ်ခေါ်လာခွင့် မရှိသလို ၊ လူလျော့ပြီးလည်း လာပိုင်ခွင့် မရှိဘူး . . .(လုပ်ခဲ့ရင်လည်း အနောက်နိုင်ငံ ယဉ်ကျေးမှုအရ ရိုင်းတယ်)
မွေးနေ့ပွဲ ပြီးတဲ့အခါမှာ လာမည်ပြောပြီး မလာဖြစ်တဲ့ သူများကြောင့် အစားအသောက် ပွဲအရ လူအယောက် (၅၀) စာလောက် အလဟသ ဖြစ်သွားခဲ့တယ်။
တစ်ကယ်တမ်းဆို .... Cancellation သဘောတရားအရ ကျွန်မကို ကြိုတင်အသိပေးပြီး မလာဖြစ်တဲ့အကြောင်းကိုသာ အချိန်မှီပြောကြားတတ်ကြမယ်ဆိုရင် ... လူအယောက် (၅၀)စာ အလကား ဖြစ်သွားတဲ့ အစားအသောက်အတွက် ကုန်ကျမည့် ငွေပမာဏကို ဓမ္မစေတီ ဆရာတော်ဘုရားကို ပို၍လှူတန်းနိုင်တယ်လို့ .............. ကျွန်မ တွေးမိခဲ့တယ်။
အကယ်၍ ..ဒီမွေးနေ့ အလှူနေရာမှာ ကျွန်မ သမီးဆိုး မဟုတ်ဘဲ အခြားတစ်ယောက်ယောက် ဖြစ်ခဲ့ပြီး အလှူပွဲတစ်ခုကို ငွေကြေးအခက်အခဲအရ ကြပ်တည်းစွာ မဖြစ်မနေ လှူဒါန်းရတဲ့ သူမျိုးတွေသာ ဖြစ်နေရင် .... တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေရသလို ကုန်ကျမှု ငွေကြေးများလည်း နစ်နာစေတယ်။
ဒါကြောင့် ... မြန်မာလူမျိုးများ အနေဖြင့် ... ခင်မင်မှုတွေ ရှိကြသော်လည်း .. တစ်ဖက်သူကို လေးစားမှုအရ အချိန်မှီ တုန့်ပြန်တတ်သော အကျင့် နှင့် တုန့်ပြန်မှုအတိုင်း တိတိကျကျ လုပ်ဆောင်တတ်သော အကျင့်ကောင်းလေးများ မွေးမြူနိုင်ကြဖို့ လိုအပ်တယ်။


Credit>>> Thet Koko

No comments:

Post a Comment