Monday, February 9, 2015

အလုံးဆိုသည်မှာ


အားကစား လောကတွင် “အလုံး” ကိစ္စသည် အတော် နေရာရနေပေသည်။ ဤစကား ထင်ရှားပုံကို ရှုကြကုန်လော့။

ကမ္ဘာတစ်ဝှမ်း ထင်ရှားသော “ဘောလုံး” ကစားနည်းဆိုသည်မှာ “အလုံး” တစ်လုံးကို လူတစ်လှေကြီးက ကွင်းပြောင်ပြောင် တစ်ခုထဲတွင် သူရ ငါရ ခြေထောက်နှင့်သာ ပညာပြ လုယက်ကြ၍ သူ့အပေါက်ထဲ ကိုယ်ကန်၊ ကိုယ့်အပေါက်ထဲ သူကန်နှင့် အပြိုင်အဆိုင် နှံကြရသော အားကစားဖြစ်ရာ ဒိုင်လူကြီးဆိုသည့် (သူလည်း မကန်ရပါဘဲ) ဟိုပြေး ဒီးပြေးနှင့် စည်းကမ်းတွေ ထုတ်တတ်သော မည်းမည်း ငနဲတစ်ကောင် ဝင်ရှုပ်နေသည်မှအပ ကြည့်၍ကောင်းလှသော ကိစ္စဖြစ်ပေ၏။

“အလုံး” တစ်လုံးကို ခြေနှင့် မကန်ဘဲ လက်နှင့်ပုတ်၍ နွှဲရသော အခြား အားကစားနှစ်ခုမှာကား ကွင်းခလယ် အလယ်တွင် ပိုက်တား၍ လူအုပ်စုနှင့် နှစ်ဖက်မှ မမှီမကမ်း လှမ်းလှမ်းပုတ်ရသော “ဘော်လီဘော” ကိစ္စနှင့် မိုးပေါ်မြှောက်ထားသော ခြင်းပေါက်နှစ်ခုထဲ သူ့ဘက် ကိုယ့်ဘက်ခွဲ၍ လက်နှင့် ခုန်ပေါက် ပစ်ထည့်ရသော “ဘတ်စကတ်ဘော” ကိစ္စတို့ ဖြစ်ရာ နှစ်နည်းလုံးမှာ မမှီမကမ်း လုပ်ကိုင်ရသော သဘောရှိသည်ဖြစ်၍ ထိုအားကစား လိုက်စားသူများ ခမျာ ကြာသော် ကျလျှင်ကျ၍ ကျကျ မကျကျ ရှည်လာတတ်ကြသည်မှာ ပြောစရာလိုသည်မဟုတ်ပေ။

 နောက် “အလုံး” ကိစ္စတစ်ခုရှိသည်မှာ ပေါ့ပေါ့ပါးပါး လုပ်ထားလည်း ရပါလျက် ဒုက္ခပေးရန် အကြံနှင့် မလေးလေးအောင် စီမံထားသော ဘောပြောင်ချောချောကို ပြေးလမ်း ပြောင်ချောချောပေါ်သို့ ဖိနပ်ပြောင်ချောချော စီးကာ ပြောင်ချော်ချော် ရုပ်နှင့် ငုတ်တုတ်ခံနေသော အတံဖြူကလေးများကို မှန်အောင် လှိမ့်၍ ပစ်ကစားရသော “ဘိုးလိန်း” အားကစားပင်တည်း။

 နောက် “အလုံး” အမျိုးမျိုးကို တုတ် အမျိုးမျိုးနှင့် ရိုက်နှက်ကစားရသော အားကစားနည်း များစွာလည်း ရှိနေလေသေးပေရာ ကူလီကူမာ အကြံနှင့် မသိသူ အမှတ်တမဲ့ ခြေနှင့် သွားကန်မိလျှင် မချိမဆန့်ခံရနိုင်သည့် သစ်သားအလုံးကို သားရေပြားအုပ်၍ တုတ်ပြားပြားနှင့် ရိုက်နှက် ဆုံးမကစားရသည့် ကျီးသား ရိုက်ပုံနှင့် ခပ်ဆင်ဆင် “ခရစ်ကက်” အားကစားသည် လည်းကောင်း၊
သူနှင့် သဘောတူ ဘယ်သူ အဖေ၊ ဘယ်သူသား ဖြစ်၍ ဘယ်ဟာ အရင်စပေါ်ခဲ့သလဲ ကျွန်တော် မကွဲသော သားရေ အလုံးကို တုတ်လုံးလုံးနှင့် ရိုက်ကစားကြသည့် “ဘေ့စ်ဘော” အားကစားသည် လည်းကောင်း၊

မလိမ္မာသော်လည်း ပြေးချင် လွှားချင်ရှိလှသည့် မြင်းသတ္တဝါကို တက်စီးပြီးကာမှ (အချို့ ဒေသများတွင် မြင်းအဆင်မပြေသဖြင့် ကုလားအုတ်ကြီးခွ၍ ဆော့ကြသည်ဟု ကျွန်တော်ကြားဖူး၏) ကုန်းကုန်းကွကွနှင့် မြေပြင်မှ “အလုံး” ကို တုတ်တံနှင့် လိုက်ကြုံးရိုက်ရသော “ပိုလို” အားကစားသည် လည်းကောင်း၊

နောက်မှ မြင်းပေါ်မှ တဖုန်းဖုန်းကျကြလွန်းသဖြင့် တင်းလာကြ၍ မြင်းကို ဖယ်ကာ လူသက်သက် ဆက်တွယ်ကြပုံရသည့် “ဟော်ကီ” အားကစားသည်လည်းကောင်း၊

ခုန်ဆွ ခုန်ဆွနှင့် ဘယ်လိုမှ အငြိမ်မနေသည့် အမွေးတောင်ပေါက်နေသေးသော သားရေ အလုံး သွားရာနောက် ဖတ်ဖတ်မောအောင် လိုက်၍ “ရက်ကက်” ခေါ်သည့် လက်နက် တုတ်တံဖြင့် တစ်ယောက်တစ်ချက်၊ ဟိုဘက် သည်ဘက် နှက်ရသည့် “တင်းနစ်” အားကစားသည် လည်းကောင်း၊

နောက်မှ ပင်ပန်းလွန်းလှ၍ သက်သာရာ ရစိမ့်သောငှာ နည်းနည်းသေးငယ်သော “အလုံး” ကို ခုံပေါ်ဝယ် တစ်ဖက်တစ်ချက်ရက်ကက် ငုတ်တိုကလေးဖြင့် ရိုက်ကစားကြည့်ရာ မသက်သာသည့်အပြင် ပိုသေးသော “အလုံး” သည် ပိုခုန်၊ ပိုသွက်လေသဖြင့် ကစားသူ နှစ်ယောက်ခမျာ ဆတ်စလူးခါရရှာလေသော “ပင်ပေါင်” ခေါ် ‘Table tennis’ ကစားနည်းသည် လည်းကောင်း၊

“အလုံး” ကို တုတ်တံနှင့် ရိုက်ရတာချင်း တူသော်ငြား တစ်ခါ ရိုက်လျှင် တမျှော်တခေါ်ကြီး ရောက်ရောက်သွားသဖြင့် ရိုက်ရတာ နည်းနည်း၊ နောက်က လိုက်နေရ၊ ပျောက်သွားလျှင် ရှာနေရသည်က များကာ အချိန်ကုန် လျှာထွက်တစ်ပွဲ တစ်ပွဲ ပြီးလျှင် ပက်လက်ဖြစ်နေတတ်သည့် ‘Golf’ ခေါ် ဂေါက်သီးရိုက်အားကစားသည် လည်းကောင်း စသည် စသည်အားဖြင့် လူတို့သည် အလုံး တစ်လုံးရလျှင် မျိုးစုံအောင် ဆော့ကြ၍ “အလုံး” အားကစားများ ပွထနေအောင် ရှိပေ၏။

ထိုမျှသာမကသေး အလုံး တစ်လုံးနှင့် ကုန်းပေါ်မှာ ဆော့၍မှ အားမရ ရေထဲထိ ဆင်း၍ အလုံးနှင့် ကမြင်းကြောထကြသည့် ‘Water polo’ ခေါ် ရေဘောလုံး အားကစားသည့် လည်းကောင်း၊
တုတ်နှင့် မရိုက်ဘဲ တုတ်နှင့်ထိုးလျှင် ဘယ်နှယ်နေလေမည်လဲဟု တွေးထင်သည်သာမက တစ်လုံးဆော့ရသည်ကို အားမရ အလုံး တပြုံတမတုတ်နှင့် ဝိုင်းထိုးကြသည့် “ဘိလိယက် စနူကာ” အားကစားသည် လည်းကောင်း စသဖြင့် အလုံးနှင့် ပတ်သက်၍ ကပ်သီးကပ်သပ် ကိစ္စများ များစွာ ရှိနေလေသည်။

လူသတ္တဝါဆိုသည်မှာလည်း အလုံးကြီးတစ်လုံးပေါ်တွင် ကပ်ရပ်နေကြရသညဖြစ်လျက် ထိုအလုံးကြီးကို “ကမ္ဘာလုံးကြီး” ဟု သူတို့ဟာ သူတို့ နာမည်ပေးထားကြသေးသည် ဖြစ်သည့်အလျောက် “အလုံး” မြင်လျှင် စိတ်ဝင်စားတတ်ကြသည်မှာ ဆန်းလှသည်ဟုတော့ မဆိုနိုင်ပါပေ။
(ကမ္ဘာလုံးကြီးကို သူ့အလုံးကြီး ငါ့အလုံးကြီးဟု ယနေ့ အချိန်အထိ မလုကြသေးသဖြင့် သက်ပြင်းချရသော်ငြား လုချင်ချင် သဘောများ တွေ့လာရ၍ စိတ်ချသည်ဟုတော့ မဆိုသာပေ။)
မည်မျှ အားလုံးကို ချစ်ကြပါသနည်းဟူမူ ဘယ်လိုမှ မလုံးသော ကိစ္စ (ဥပမာ အုတ်ခဲ) ကိုပင် တစ်လုံးနှစ်လုံးဟု သမုတ်ချင်ကြ၍ ရှည်ရှည်ဖြစ်နေသော အရာ (ဥပမာ ဝါးနှင့် သံပိုက်၊ ပလတ်စတစ်ပိုက်) ကိုမျှ တစ်လုံး နှစ်လုံးပင် ခေါ်ခဲ့ကြ၍ “တစ်လုံး” မက “နှစ်လုံးပြူး” ဟူသော သေနတ် အမျိုးအစားပင် ပေါ်ခဲ့သည်ဖြစ်ရာ တစ်ခေတ် တစ်ခါက သူကြီးများ ဂိုက်ထွားစရာဟု ရာဇဝင်အလာရှိလေ၏။

သို့သော် ကျွန်တော်ဆိုချင်သည်မှာ နှစ်လုံးပြူး ကိစ္စမဟုတ်၊ အခြား အလုပ်သာ ဖြစ်၍ နှစ်လုံးပြူးကို ခဏ ထောင်ထားလိုက်ရပေသည်။

ဆိုခဲ့သည့်အတိုင်း လူတို့သည် “အလုံး” ကို စိတ်ဝင်စားသကဲ့သို့ ကျွန်တော်သည်လည်း အမြီးလည်း မပေါက်၊ မှတ်ပုံတင်လည်း လက်ဝယ်တွင် ရောက်နေသဖြင့် လူဖြစ်လောက်သည်ဟု အထင်ရသဖြင့် “အလုံး” နှင့် ပတ်သက်သော အားကစားများကို စိတ်ဝင်စားလေသည် ဖြစ်သော်လည်း စပ်စပ်စပ်စပ်နှင့် ဘာမှ မတတ်သည့် သန္ဓေပါသည့်အလျောက် ဘယ်တစ်ခုတွင်မှမပေါက်မြောက်သော်လည်း နိုင်သလောက် ဝင် ဝင်ကြဲဖူးလေရာ အောက်ပါအတိုင်း ဖြစ်လေသည်။

ကနဦးအစ ကျွန်တော်နှင့် “အလုံး” ပတ်သက်ရသည်မှာ “ဘော” ဖြစ်လေရာ “ဘော” သည် “ကန်” နှင့် တွဲ၍ မှတ်ထားမိလေသဖြင့် ငယ်စဉ်ကပင် ကျွန်တော့်ရှေ့“ဘော” ကျလာသော် ကန်လိုက်ရမှ နေသာထိုင်သာ ရှိလေရကား မှန်များ ကွဲခြင်း၊ သူများ သွားမှန်ခြင်း၊ ထွက်ပြေးဖူးခြင်း၊ မိသွား၍ အရိုက်ခံ အဆူခံ အတိုင်ခံ ဒဏ်ပေးခံရခြင်း၊ ဘောမကန်မိဘဲ ခဲကန်မိခြင်း၊ ဘောနှင့် ခြေလွဲ၍ ပတ်လက်လဲခြင်း၊ ကိုယ် ကန်၍ သူများ မှန်ကာ အချင်းချင်းထိုးရခြင်း၊ ခြေဦးတည့်ရာ ကန်တတ်၍ ဘောပေါက်သွားခြင်း၊ ဘောမြင်လျှင် ဝင်ဝင်ကန်မိတတ်၍ လိုရင်းကိစ္စ မေ့သွားခြင်း စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဖြစ်ပျက်ခဲ့၍ ဘောနှင့် ကျွန်တော် တွဲလျက် ကြီးပြင်းလာခဲ့လေသည်ဖြစ်ရာ မိုးရွာလျှင် မိုးရွာ၍ ဘောကန်ပြီး မိုးမရွာလျှင်လည်း ကန်တာပဲ ဖြစ်လေသည်။

ဘာနှင့် ကန်ကို မည်မျှ တွဲ၍ မှတ်ထားမိလေသနည်းဟူမူ လူပျိုပေါက်ဘဝ သွေးကြွ၍ တစ်ယောက်နှင့်တစ်ယောက် ဘေကြသော ကိစ္စတွင်ပင် တစ်ပါးသူက လက်သီးကို သုံးသော်ငြား ကျွန်တော်က ခြေကို အရင်သုံးသည်ဖြစ်၍ မျက်လုံးပြူးအောင် ခံလိုက်ရရှာသူများ ရှိခဲ့ဖူးလေသည်။ အသက်ကြီးလာလတ်သော် ဘောကို တစ်မျိုးတစ်မည် ကန်နေကြသည်ကို သဘောကျ၍ “ဘော” “ဇ” မသေးသည်လည်း ဖြစ်ရာ ကျွန်တော်ပါ ထိုသို့ ဝင်ကန်မိသဖြင့် အိပ်ရေးတွေပျက်၊ မျက်တွင်းကလည်း ဟောက်ပက်၊ စာစောင်ဖိုးလည်း အိတ်ထဲက ထွက်လျက် နောက်ဆုံး ဟိုးအဝေးကြီးမှာ သူတို့ဟာ သူတို့ ကန်နေသော ဘောက ကျွန်တော့် လာမှန်၍ လန်ကျန်ခဲ့သည်တွင်မှ ဘောကိစ္စ တစ်စခန်းရပ်၍ “ဘော” ဇာတ်သိမ်းခဲ့လေသည်ဖြစ်သောကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများရှိသည်ကို ဖြစ်ခဲ့ဖူးကြောင်း ဇာတ်ဟောင်းလှန်ပြရပေသည်။

သို့ရာတွင် “Soccer” ဆို တော်ပါဟု စိတ်ပင် နာသော်ငြား အလုံးမြင်လျှင် လက်ယားတတ်သည့် အားလျော်စွာ ပိန်ရှည်ရှည် ခန္ဓာလည်းရှိသည့်အလျောက် ဘတ်စကတ်ဘော တဗြောက်ဗြောက် ဝင်ပုတ်မိပြန်ရာ ထိုကစားနည်းမှာ (ကစားဖူးသူ သိကြသည့်အတိုင်း) ဘောပစ် ဘောဖမ်း ကျွန်တော် မကျွမ်းဖြစ်သည့်အတွက် လက်ချောင်း ဆယ်ချောင်းတွင် ကိုးချောင်းခေါက်၍ လူမြင်လျှင် အနူထင်လောက်အောင် ပတ်တီးအဖွေးသား ဒဏ်ကြေလိမ်းဆေးနံ့ တလွှားလွှားနှင့် ဆေးခန်းသွားခဲ့ရသည်က တစ်ကြိမ်၊
သူများ ပစ်လိုက်သော ဘောကို လက်နှင့်မဖမ်းဘဲ မျက်နှာနှင့် ဖမ်းမိ၍ မျက်မှန်ခမျာ ကြားထဲက အချောင် ကျိုးခဲ့ရရှာသည်ကလည်း တစ်ကြိမ်

ဖားနှင့် သားပိုက်ကောင် မဟုတ်ပါလျက် ခုန်ဆွ ခုန်ဆွ သွားလုပ်မိသည့်အတွက် အကျမတော် ခြေသပွတ်တိုင် ပျော်ပျော်ကြီး လည်သွားခဲ့သည်က တစ်ကြိမ်၊
ပြေးရင်း လွှားရင်း ချော်လဲ အင်္ဂတေအပေါ် ရေကူးမိ၍ ခြေ လက် နဖူး တံတောင် ဒူးတို့ တစ်ပြိုင်နက် စုတ်ဖူးသည်က တစ်ကြိမ်၊
တတိယ စတုတ္ထအကြိမ်ကြိမ် ဒုက္ခခံခဲ့သည်သာမက နောက်ဆုံး ပဉ္စမ ကျွန်တော့် ဒုက္ခသည်မှာ အောင့်တောင့်အောင့်တောင့်နှင့် ကျချင်ချင်ဖြစ်လာပါ၍ ဖွားဖက်တော်ကို ငဲ့ကွက်သောအားဖြင့် ထိုလောကကို စွန့်လွှတ်ရလေတော့၏။
အမှတ်ထင်ထင် ကျွန်တော် စံချိန်ဝင်ခဲ့သည်မှာ သူများခြင်းထဲ ဘောလုံးနှင့် ပစ်ထည့်ခဲ့သမျှ တစ်ခါမှ မဝင်ခဲ့ခြင်းပေတည်း။

အလျင်းသင့်သလို စိတ်ကူးရ၍ ကျွန်တော် တစ်ခု တင်ပြလိုက်သည်မှာ “အလုံး” အားကစားနှင့် ပတ်သက်၍ ကျွန်တော် ဒေါသထွက်ခဲ့ရဖူးသည့်အကြောင်း ဖြစ်လေသည်။

အိန္ဒိယဟု ခေါ်တွင်သည့် လူမျိုးတစ်စုတို့ နေထိုင်သော ပြည်ထောင်တလွှား ကျွန်တော် အူကြောင်ကြောင် ရောက်သွားဖူးစဉ်က အနှီ တိုင်းပြည်တွင် “ခရစ်ကတ်” ဟု ဆိုပါက လူတကာ တုတ်နှင့် နှက်နေသော ကိစ္စဖြစ်၍ တွေ့သမျှလူ ဘယ်သူ့ခလုတ် တိုက်တိုက်ခရစ်ကတ် ရိုက်ဖူးသူ ဖြစ်သည့် အလျောက် နည်းနည်းနေရာ ရရုံနှင့် ခရစ်ကတ် ရိုက်တတ်ကြလေရာ တစ်နေ့သောအခါတွင်မူကား ကျွန်တော် အားယား ပန်းခြံတစ်ခုထဲ လမ်းသလားလေလျှင် ခရစ်ကတ် ဘောတစ်လုံး လိမ့်လာသည်ကိုမြင်၍ “ဘော” နှင့် “ကန်” အမြဲတွဲထားတတ်သော အကျင့်လည်း ရှိသည်ဖြစ်ရာ လာလတ္တံ့သော ခရစ်ကတ် ဘောကို ခြေခုံနှင့် အသာ ထောပနာမိလေရာ သင်းဘောလုံးမှာ အတော်မာလေ၍ အထက်က ကျွန်တော်ဆိုခဲ့သည့်အတိုင်း သစ်သားကို သားရေ ခြုံ၍ ကလိန်ခြုံ အလုံးလိုင်း ဖြစ်သည်နှင့်အညီ တော်တော် အီသွားခဲ့ရဖူးလေသည်။ ဤကား အလုံးနှင့် ပတ်သက်သမျှ စကားကြွင်းတစ်ခု ရခဲ့ရသည့် အကြောင်းတည်း။

ဆိုလေခဲ့သည့်အတိုင်း အလုံးနှင့် ကျွန်တော့်လမိုင်းသည် ဘတ်စကတ်ဘောလိုင်းတွင် တစ်ခန်း သိမ်းသော်ငြား လူလတ်လျား တစ်ယောက်ဖြစ်၍ အဆင်သင့်သဖြင့် ဘဝတကွေ့ဝယ် “ဘိုးလိန်း” ကိုလည်း ဝင်တွယ်ဖူးလေရာ ကျွန်တော်၏ ဇနီးခမျာ ပါရမီဖြည့်ဖက် ဖြစ်ချင်ရှာလွန်းလှလျက် ကျွန်တော်နှင့် သူပါ ဝင်၍ “ဘိုးလိန်း” ကို အတူတူ နှက်ခဲ့ဖူးလေသည်။

အားကစားဆိုသည်မှာ စနစ်တကျ မလုပ်လျှင် ဘယ်နေရာမှ ပုံမလာသည်ကို မသိရှာလောက်အောင် ဉာဏ် “ချာ” သော ထိုလင်မယားသည် အားယားတိုင်း ဘိုးလိန်း သွားပစ်လေတော့ရာ ဘောလက်မှာ စွပ်လျက် မှောက်လျက် လဲကြသည်တွင် သောက်ရှက် နည်းကြသော်ငြား အများဟားခံရသည်က တစ်ကြောင်း၊ ကိုယ်ပိုင် ဖိနပ်မရှိသဖြင့် ဖိနပ်ငှားကစားကြရာမှ ခြေထောက်များတွင် ဝဲအထပ်ထပ် ပွားလာ၍ တစ်ယောက်ကိုတစ်ယောက် ဆေးလိမ်း၊ ကြိတ်ကုကြရသည်က တစ်မည်၊ တစ်ချီတွင် နှစ်ယောက်သား လက်မောင်းများ ညောင်းလွန်းလှ၍ ထိုလက်မောင်း နှစ်စုံကဆိုင်ရာ ခန္ဓာကိုယ်တို့ကို စွန့်ခွာ ထွက်သွားရပေလိမ့်မည် ဟူသော ရာဇသံပေးသည့် အိပ်မက်ကို တစ်ပြိုင်နက် မက်မိကြသည်က တစ်ပါးတို့ကြောင့် ဘိုးလိန်း လောကကို ဆလံသ၍ ပြန်ကြပေတော့၏။
ဤနေရာတွင် ကြော်ငြာချင်သည်မှာ ကျွန်တော်၏ မိန်းမမှာ မျောက်ရှုံးအောင် ဆော့သည့်နေရာတွင် ကျွန်တော်နှင့် အသွင်တူ၍ အိမ်သူဖြစ်လာသည်ဖြစ်ရကား လင်မယားနှစ်ယောက် ပေါင်း၍ စနူကာထိုးကာ အမျိုးမျိုးဖြစ်ပျက်ခဲ့ကြဖူးသဖြင့် အဆင်သင့်လေမှ သက်သက်တစ်ကဏ္ဍဖော်ပြရပေဦးမည်။
အလုံး အားကစားလောကနှင့် ကျွန်တော် နောက်ဆုံး ပတ်သက်ခဲ့သမျှ ကိစ္စမှာ ‘Golf’ ဟု ခေါ်တွင်ရာ ဂေါက်သီး အားကစားသာ ဖြစ်၍ လက်ပြင်ငုတ်ရင် ငုတ်၊ မငုတ်ရင် တုတ်ကျိုး၊ မကျိုးရင် လက်နာ၊ မနာရင် ဘောလွဲ၊ မလွဲတော့ဘူးဆိုရင်တောင်မှ တောင်ရိုက်လျှင် မြောက်ရောက်၊ အဝေးမှန်းရိုက်လို့ ဒီနားတင်ကျ၊ အားရပါးရ “ဖုန်း” ခနဲ ဆော်လိုက်မှ တစ်ပေလောက်ပဲ သွားလိုသွား “ဟရေးဘားဘား” အော်ခဲ့ရဖူးလေသည်။

ဤသည်မှာကား အလုံးဆိုသည်မှာ ဟူသော ခေါင်းစဉ်အောက်မှ မြောက်မြားလှစွာသော ကဏ္ဍတို့အနက် “အားကစား” တစ်ခုကို ကွက်၍ ကျွန်တော် အကြမ်းအားဖြင့် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သတည်း။



Credit>>> အရိုး

No comments:

Post a Comment