Tuesday, February 10, 2015

ကိုယ်ပိုင်အရေးအသားကို ကိုယ်တိုင်တည်းဖြတ်ပုံတည်းဖြတ်နည်း



ယခုဆောင်းပါးမှာ ကိုယ်ပိုင်အရေးအသားကို လျင်မြန်စွာနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်တာနဲ့ ပတ်သက်လို့ အကြံပြုမှာ ဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုမွမ်းမံရမယ်၊ ကျစ်လစ်သေသပ်မှုရှိအောင် ဘယ်လိုချုံ့မယ်၊ အံမ၀င် ဂွင်မကျတဲ့စာလုံးတွေ၊ စကားစုတွေအစား စာဖတ်ပရိတ်သတ်ကို လက်ဖျားခါသွားစေမဲ့ စကားလုံးတွေ ဖြစ်အောင် ဘယ်လိုပြောင်းလဲပစ်မယ်ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သင့်ရဲ့အရေးအသားဟာ ကုမ္ပဏီရဲ့မှတ်တမ်း (သို့) Power Point တင်ဆက်မှု(သို့) e-mail (သို့) အစီရင်ခံစာ ဖြစ်နိုင်ပါတယ်။ ဘယ်စာအရေးအသားမျိုးပဲဖြစ်ပါစေ အခုဖေါ်ပြမဲ့ လျင်မြန်စွာ တည်းဖြတ်နိုင်မှု စွမ်းရည်တွေဟာ အသုံးဝင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် တည်းဖြတ်နိုင်ခြင်းစွမ်းရည်ရဲ့ တခြား အပိုဆုတွေကတော့ သင့်ကိုတခြားလူတွေက နားလည်မှုလွဲတာနည်းသွားပြီး အထက်လူကြီးတွေနဲ့ အဆင့်တူသူတွေက သင့်ရဲ့အနှစ်သာရပြည့်တဲ့ စာအရေးအသားစွမ်းရည်ကို အာရုံပြုလာမှာ ဖြစ်ပါ တယ်။


သင့်အနေနဲ့ ကိုယ့်ရဲ့ Annual Performance Review အတွက် သင်၏ တစ်နှစ်စာ လုပ်ဆောင်ချက်များကို ရေးသားနေတယ်ဆိုပါတော့။ ပထမမူကြမ်းကို ရေးလို့ပြီးပြီ။ ဒါပေမယ့် မတင်မီ ၎င်းဟာ အမှားကင်းပြီး ပြည့်စုံတဲ့ အခြေအနေမှာ ရှိကြောင်း သင့်အနေနဲ့ သေချာချင်တယ်။ ဒါဆိုရင် သင်လုပ်ရမှာကတော့ အောက်ပါအစီအစဉ်အတိုင်းပဲ ဖြစ်ပါတယ်။


၁။ သင့်စာကို ပရင့် (Print) ထုတ်ပါ။

Print ကို အမြဲပဲထုတ်ပါ။ အမြဲလုပ်ပါ။ အလုပ်တော့ ရှုပ်တာပေါ့။ ဒါပေမဲ့ Performance Review ဖြစ်တဲ့ အတွက် ဒီလို print ထုတ်လိုက်တဲ့အတွက် လစာတိုးနှုန်းမှာ ၄% (သို့) ၅% အထိတောင်မှ ကွာခြားနိုင်ပါတယ်။
အကြောင်းပြချက်ကတော့ တခြားသူရဲ့ အရေးအသားကို ဝေဖန်ဆန်းစစ်ရတာဟာ ကိုယ်ပိုင်အရေးအသားရဲ့ အမှားအယွင်းတွေကို ပြန်လည်တိုက်ဆိုင် စစ်ဆေးရတာထက်ပိုလွယ်ကြောင်းကို ဘယ်စာရေးဆရာ၊ ဘယ်စာတည်းကမဆို ပြောပြပါလိမ့်မည်။ ဒါကလည်း အပြင်လူက ဆန်းသစ်တဲ့ ရှုထောင့်ကနေမြင်လို့ ဖြစ်ပါတယ်။ ကိုယ်ပိုင်အရေးအသားကို ဝေဖန်ဆန်းစစ်ဖို့ဆိုရင် ပြင်ပလူရဲ့ ရှုထောင့်ကနေ မြင်နိုင်ရန်အတွက် ၎င်းကို သင်ရေးထားတဲ့ ပုံစံကနေ မကြည့်ပဲ တခြားပုံစံဖြင့်ကြည့်ပါ။

စာရိုက်ထားတာဆိုရင် print out လုပ်ပါ။ တစ်ခေါက်အမြန်ဖတ်ပြီး မှင်နီနဲ့ အားမနာတမ်း ရဲရဲနီအောင် ပြင်လိုက်ပါ။ ပထမမူကြမ်းကို လက်နဲ့ရေးထားတာဆိုရင်တော့ စာပြန်ရိုက်ပြီး print ထုတ်ပါ။ ပြီးလျှင် ပြန်စီစစ်ပါ။

၂။ ခေတ္တအနားယူပါ။

သတ်မှတ်ထားတဲ့နောက်ဆုံးရက်ရှိနေတဲ့အတွက် အနားယူရလောက်အောင် ဇိမ်ခံလို့မရရင်တော့ နောက်တစ်ဆင့် ဖြစ်တဲ့ အမှတ်စဉ် (၃) ကို ဆက်သွားပါ။ ဒါပေမဲ့ အချိန်ရရင်တော့ သင်နဲ့ သင့်အရေးအသားကြား အချိန်ပေးပြီး ခပ်ခွာခွာလေး နေပေးခြင်းဖြင့် စိတ်ကိုလည်း အလုပ်နဲ့ ခွာထားပါ။ နားပြီးလို့ အလုပ်ပြန်စရင် မျက်လုံးတွေက ကြည်လင်လန်းဆန်းနေတဲ့အတွက် ကိုးရိုးကားရား နိုင်တဲ့စာလုံးတွေ၊ မလိုလားအပ်တဲ့ အဖြတ်အရပ်တွေ၊ ထင်ရှားတဲ့ အမှားတွေကို ပိုပြီးမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းသွားလျှောက်လိုက်ပါ။ ရေအိမ်ကို သွားလိုက်ပါ။ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ စကားသွားပြောလိုက်ပါ။ တစ်ညလောက် နှပ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီတော့မှာ တည်းဖြတ်တဲ့အခါကျတော့ မညှာမတာ တည်းဖြတ်နိုင်မှာ ဖြစ်ပါတယ်။

၃။ အသံထွက်ဖတ်ပါ။

အကောင်းဆုံးသော စာအရေးအသားသည် အရပ်ပြောမဆန်ပဲနဲ့ စကားပြောသလို နားထောင်ရတာ ချောမွေ့ပါတယ်။ ဒါကြောင့် သင့်ရဲ့ အရေးအသား အထားအသိုကို နားထောင်ပေးခြင်းသည် အဓိပ္ပာယ်မပြည့်မစုံနဲ့ မပြီးပြတ်သေးတဲ့ ၀ါကျ တန်းလန်းတွေကို မြင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်အရေးအသားကို အသံထွက် ဖတ်ပြီး အဓိပ္ပာယ်မရှိသော စကားလုံး (သို့) လျှာခလုတ်တိုက်မိတဲ့ အထားအသိုတွေကို ပြင်ရေးပါ။ ဒါ့အပြင် စကားလုံးတွေရဲ့ အတိုကောက်ပုံစံကို အသုံးပြုဖို့ကို ကြောက်ရွံ့တွန့်ဆုတ်မနေပါနှင့်။ စက်ရုပ်မဟုတ်တဲ့ ကျွန်ုပ်တို့လူသားတွေ စကားပြောတဲ့အခါ ဒီအတိုကောက်တွေကိုပဲ သုံးကြတယ်မဟုတ်လား။

၎။ သင့်ကိုယ်သင် စာဖတ်ပရိသတ်အဖြစ် ဟန်ဆောင်ပါ။

အခုအခါမှာ သင့်ရဲ့ အရေးအသားကို ဖတ်ပြီးရင်း ဖတ်ပြီးပြီဆိုရင် သရုပ်ဆောင်ပြီး တည်းဖြတ်ရမယ့်အချိန် ရောက်ပါပြီ။ ဒီတစ်ခါမှာတော့ သင့်ရဲ့အရေးအသားကို သင့်အထက်အရာရှိအနေနဲ့ ဖတ်ပါ။ အရေးအသားဟာ စကားလုံးတွေကို လိုတာထက် ပိုသုံးထားပြီး ရှည်လျားလွန်းလို့ စာမျက်နှာ (၂) ရောက်တဲ့အခါမှာ ငြီးငွေ့သွားပြီလား။ ဒါမှမဟုတ် ဖတ်ရတာ အဆင်ချော လွန်းလို့ "အိုး...သူ့ကိုတော့ လခတိုးပေးဖို့ သင့်ပြီ" ဆိုတဲ့အတွေးနဲ့ပဲ ကျန်ခဲ့မလား။ သင့်အတွက် ဘယ်အပိုင်းက အထင်ရှား ဆုံးဖြစ်ပါသလဲ။ သင့်အတွေးတွေကို ချရေးပြီး မှတ်ထားပါ။ ပြင်ဆင်မှုတွေလုပ်ပြီးတဲ့အခါ နောက်ဆုံးအဆင့်ကို ဆက်သွားပါ။

၅။ ရက်ရက်စက်စက် ဖြတ်တောက်ပါ။

နောက်ဆုံးအဆင့်ကတော့ သင့်အရေးအသားကို တည်းဖြတ်ဖို့ပါပဲ။ သင့်အရေးအသားထဲက စာလုံးတွေ၊ ၀ါကျတွေနဲ့ စာပိုဒ်တွေကို မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် ဖြတ်တောက်ဖြုတ်ထုတ်ပစ်ပါ။ ဒီလိုလုပ်ခြင်းဖြင့် သင့်အရေးအသားရဲ့ အနှစ်သာရက ထင်းကနဲ ပေါ်လွင်လာမှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ အကူအညီနည်းနည်းပါးပါး လိုရင်ဖြင့် အောက်မှာ အကြံပြုချက်အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။
  • စာပိုဒ်တွေကို တိုတိုထားပါ။
    စာပိုဒ်တစ်ပိုဒ်ကို မြန်မြန်နဲ့ တိုတိုရှင်းရှင်း ဆိုလိုရင်းကို ဖော်ပြနိုင်ဖို့ဆိုရင် ၀ါကျ (၃)(၄)ကြောင်းဟာ လိုတာထက်တောင် ပိုနေနိုင်ပါတယ်။
  • ၀ါကျတစ်ခုစီကို အဓိကအစိတ်အပိုင်းများအဖြစ် ချုံ့ပစ်ပါ။

    အဲဒီအစိတ်အပိုင်းတွေကတော့ တိကျပြတ်သားတဲ့ subject ၊ ခိုင်မာတဲ့ verb နဲ့ object တို့ပဲဖြစ်ပါတယ်။
  • အမှီဝါကျကဏ္ဍတွေကို အလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
    အမှီဝါကျကဏ္ဍ (subordinate clause) တစ်ခုမှာ subject နဲ့ verb ပါပေမဲ့ ၀ါကျအဖြစ် တစ်ကိုယ်တည်း မရပ်တည်နိုင်ပါ။ သင့်မှတ်တမ်းမှာပါကောင်းပါနိုင်မဲ့ အောက်ပါဝါကျကို လေ့လာကြည့်ကြပါစို့။

    "When staff fatigue was high during the fourth quarter because of lower earnings than projected, I led an initiative to improve morale"

    တည်းဖြတ်ပြီး ရိုးရိုးစင်းစင်းလေး ပြန်ရေးကြည့်ကြရအောင် ။

    "I led an initiative to tackle staff fatigue and improve morale in the wake of disappointing fourth-quarter earnings".
    (၀င်ငွေနဲ့ ပတ်သက်တဲ့ စိတ်ပျက်စရာကောင်းတဲ့လေးလပတ် နောက်ပိုင်းမှာ ၀န်ထမ်းတွေရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဓာတ်ပြန်လည်မြင့်မားလာရေး တို့ကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ပဏာမခြေလှမ်းကို ကျွန်တော်စခဲ့ပါတယ်။)
  • ကြိယာထောက် (adverb) တွေနဲ့ နာမ၀ိသေသန (adjectives) တွေကို တတ်နိုင်သ၍ ဖယ်ရှားပါ။

    သင့်ရဲ့ print out စာရွက်မှာ တွေ့သမျှ adjective တိုင်း၊ adverb တိုင်းကို မျဉ်းသားပါ။ ပြီးလျှင် မပါမဖြစ်တဲ့ adjective တွေနဲ့ adverb တွေကို ပြန်ထည့်ပါ။ မသေချာပါက ၎င်းတို့မပါပဲ အဓိပ္ပာယ်ကို ပိုပေါ်လွင်စေမယ့် ကြိယာ (verb) ကို ရှာပါ။
  • မသေချာသော ယူဆချက်ကို ဖေါ်ပြသော အရေးအသားများကို တိကျပြတ်သားသော အရေးအသားဖြင့် အားဖြည့်ပါ။
    တက္ကသိုလ် ပထမနှစ်တုန်းက ခက်ခဲတဲ့ စာမေးပွဲမေးခွန်းလွှာတစ်ခုအတွက် ကျွန်ုပ်အဆင့် (ဘီ) ရခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဆရာ့ကို သူရဲ့ (အမှားမကင်းတဲ့) အဆင့်ပေးစံနစ်ကို ရှင်းပြဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်ုပ် အဆင့်ကျရတဲ့ အကြောင်းရင်းကတော့ "ထင်ရသည်" (seems to be) နဲ့ " ယူဆသည်" (it appears) ဆိုတဲ့ စကားလုံးတွေ ထပ်ခါထပ်ခါ သုံးခဲ့လို့ဖြစ်တယ်။ ပြောစရာရှိတဲ့အချက်ကို ပြောတဲ့အါ အဲဒီအချက်နောက်က ကိုယ်က မားမားမတ်မတ်ရပ်တည်ပေးရမယ်လို့ ဆရာကပြောပါတယ်။ ကိုယ့်ရဲ့အကြောင်းပြချက်ကို ကိုယ်ကိုယ်တိုင် အပြည့်အ၀ ထောက်ခံဖို့ မသေချာတဲ့ ပုံစံမပြရဘူးလို့လည်း ဆရာက မှာခဲ့ပါတယ်။

    အဲဒီအကြံပြုချက်ကို ကျွန်ုပ်စိတ်ထဲမှ စွဲနေအောင် မှတ်မိနေသလို သင့်အနေနဲ့လည်း ဂရုပြုသင့်ပါတယ်။ အထူးသဖြင့် သင့်အလုပ်နဲ့ ပတ်သက်နေရင် ပိုဂရုပြုသင့်ပါတယ်။ ယုံကြည်မှု၊ ခိုင်မာမှုကင်းတဲ့ဝါကျတွေနဲ့ သင့်ရဲ့ အဆိုပြုချက်ကို အားနည်းအောင် မလုပ်ပါနဲ့။ ဒါကြောင့်" I believe ---" (ကျွန်တော်ထင်တယ်---)။ " In my opinion ---" (ကျွန်တော်ထင်မြင်ချက်အရ---) " You may disagree , but ---" (ခင်ဗျားအနေနဲ့ သဘောတူချင်မှ တူမယ်၊ ဒါပေမယ့် ---) ဆိုတဲ့ အသုံးအနှုန်းတွေ မသုံးပဲ ရေးကြည့်ပါ။ ခြားနားချက်ကို မြင်တွေ့ပါလိမ့်မယ်။

ကိုယ်ပိုင်အရေးအသားကို ကိုယ်တိုင် တည်းဖြတ်နိုင်တဲ့ ကျွမ်းကျင်မှုကို ရရှိဖို့ အလွန်ခက်ခဲပေမယ့် သင့်ရဲ့ အလုပ်မှာ အထောက်အပံ့ဖြစ်မယ့် ကျွမ်းကျင်မှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင်ပြောပြနေတာ မဟုတ်သည့်တိုင်အောင် သင့်အရေးအသားက ခက်ခဲပေမယ့်လည်း သင်ဟာအကောင်းဆုံး ဖြစ်အောင် ကြိုးစားအားထုတ်ပြီး ဆောင်ရွက်နေတယ် ဆိုတာကို အသေအချာဖော်ပြနေလို့ပါပဲဖြစ်ပါတယ်။


Credit>>>British Council Myanmar


No comments:

Post a Comment