Wednesday, February 4, 2015

အဆိုတော်မွန်းအောင် ရန်ကုန်နှင့် မန္တလေးတွင် သီဆိုဖျော်ဖြေရန် စီစဉ်နေ







ပြီးခဲ့သည့်ရက်များအတွင်း နော်ဝေမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသော အဆိုတော်မွန်းအောင်သည် နေပြည်တော်နှင့် မန္တလေးမြို့များသို့ ခရီးထွက်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် စင်တင်သီဆိုဖျော်ဖြေပွဲများ ကျင်းပရန် ကြိုးစားခဲ့သည်။ နေပြည်တော်တွင် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က "ကိုမွန်းအောင်ရဲ့ ပရိသတ်တဦး"ဟု တရင်းတနှီး ကြိုဆိုလက်ခံ စကားပြောခဲ့ပြီး စင်တင်ပွဲများ ကျင်းပနိုင်ရန် အကူအညီပေးမည်ဟု ကတိပြုပြောကြားသည်။ အဆိုတော်မွန်းအောင်ကလည်း ကျေးဇူးတင်ကြောင်း ပြောဆိုကာ မြန်မာပြည် ပြင်ပတွင် အသံသွင်းယူခဲ့သော "ငြိမ်းချမ်းရေးတိုက်ပွဲ"နှင့် "လွတ်မြောက်ရာလမ်း" တေးစီးရီးခွေများကို လက်ဆောင်ပြန်ပေးခဲ့သည်။ "သွေးမုန်တိုင်း ဆိုပါလို့ ဦးရဲထွဋ်က သီချင်းတောင်းထားတယ်"ဟု အဆိုတော်မွန်းအောင်က ဧရာဝတီသို့ ပြောသည်။ နေပြည်တော်အပြီး မန္တလေးသို့ ခရီးဆက်ခဲ့ပြီး ကွယ်လွန်သူ တေးရေးဆရာ အဉ္ဇလီ မောင်မောင်၏ မိသားစု၊ ညီအကိုမောင်နှမများနှင့် တွေ့ဆုံကာ စင်တင်ဖျော်ဖြေရာတွင် အဉ္ဇလီ မောင်မောင်၏ သီချင်းများ ပါဝင်သီဆိုခွင့်ပြုရေး တောင်းဆိုခဲ့သည်။ တေးရေးဆရာ၏ မိသားစုအသိုင်းအဝိုင်းမှလည်း အဆိုတော်မွန်းအောင်ကို နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေခဲ့သည်။ " တေးရေးဆရာ မရှိဘဲ ကျနော်တို့ ဘယ်လို သီချင်းဆိုမှာလဲ။ ကျနော့်ရဲ့ တန်ဖိုးထား လေးစားမှုကို ပြချင်လို့ ကိုယ်တိုင်ကိုယ်ကျ မန္တလေးကို လာတာပါ"ဟု အဆိုတော်မွန်းအောင်က ပြောသည်။ မန္တလေးရှိ တေးရေးဆရာ စိုင်းခမ်းလိတ်နှင့်လည်း တွေ့ဆုံရန် ကြိုးစားခဲ့သေးရာ ဆရာစိုင်းခမ်းလိတ် ခရီးလွန်နေသဖြင့် မတွေ့ခဲ့ရပေ။ "ငြိမ်းချမ်းရေးတိုက်ပွဲခွေလုပ်တုန်းက စာခြောက်ရုပ်နဲ့ လူငယ်ခြေကျသီချင်းတွေ အကြောင်းမကြားဘဲ ယူဆိုခဲ့တာကို ဆရာ့ကို တွေ့ပြီး အကျိုးအကြောင်း ရှင်းပြချင်ပါတယ်။ ဆရာစိုင်းခမ်းလိတ်နဲ့လည်း တခါမှ လူချင်း မဆုံဖူးပါဘူး။ အခုတကြိမ် မဆုံရပေမယ့် ပွဲဆိုဖို့ မန္တလေး နောက်တကြိမ် ပြန်တက်ရင် တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟု အဆိုတော်မွန်းအောင်က ပြောသည်။ ယခုအခါ အဆိုတော်မွန်းအောင်သည် ရန်ကုန်သို့ ပြန်ရောက်နေပြီး ပွဲများ ကျင်းပနိုင်ရေး သေချာစေရန် စီစဉ်လျက်ရှိသည်။ ပွဲကျင်းပမည့် နေရာနှင့် နေ့စွဲများ သေချာမှ မီဒီယာများနှင့် တွေ့ဆုံမည်ဟု သိရသည်။


Credit>>>Irrawady 

No comments:

Post a Comment