Saturday, February 7, 2015

“သစ်ပင်တပင်စိုက်ရင် ကျောင်းဆောင်တဆောင် ဆောက်လှူတာနဲ့ အတူတူပါပဲ”



“သစ်ပင်တပင်စိုက်ရင် ကျောင်းဆောင်တဆောင်
ဆောက်လှူတာနဲ့ အတူတူပါပဲ” တဲ့။ ဒီတော့ဘာမှ အားငယ်စရာမလိုပါဘူး။
ကိုယ်က ကိုယ့်အခြေအနေအရ ကျောင်းဆောက်မလှူနိုင်ပေမယ့် သစ်ပင်တော့ စိုက်လှူလို့ ရပါတယ်။
သစ်ပင်ကတော့ လူတိုင်းစိုက်နိုင်ကြတာပါပဲ။ စိုက်မယ်ဆို အပင်တရာမကတောင် စိုက်လှူလို့ရပါတယ်။
စိုက်စရာနေရာတွေက နိုင်ငံလိုအပ်ချက်အရ အများကြီးပါ။ အဝေးပြေးလမ်းမကြီးတလျှောက်၊ကိုယ့်ရပ်ကွက်လမ်းတလျှောက်၊
စာသင်ကျောင်း ဘုန်းကြီးကျောင်း စသည်ဖြင့် အများကြီးပါ။

အထူးသဖြင့် လွယ်လွယ်နဲ့ အဖြစ်မြန်တဲ့ ကုက်္ကိုပင်လိုသစ်ပင်မျိုး စိုက်လည်း ရပါတယ်။ မိုးဦးကျစိုက်ထားလိုက်ရင် သိပ်လည်းဂရုစိုက်စရာ မလိုပါဘူး။ စိုက်တုန်းက
တထွာတတောင်လောက်ပါပဲ။ ၄-၅ နှစ်ကြာတဲ့ အခါ ပေ ၂၀ လောက် ဖြစ်ပြီး မြင်ကွင်းက တကယ့်အားရ
ကျေနပ်စရာကြီးပါ။ တနှစ်ကို အပင်နှစ်ဆယ်နှုန်းနဲ့ စိုက်သွားရင် ဆယ်နှစ်ပြည့်ရင် အပင်ပေါင်း နှစ်ရာတောင်
ဖြစ်သွားမှာပါ။ ဒါဆို ကျောင်းပေါင်းနှစ်ရာ ဆာက်လှူလိုက်တာပါပဲ။ဒီတော့ကိုယ်ကြိုက်တဲ့
သစ်ပင်လေးတွေကို “သစ်တပင် ကျောင်းတဆောင်” လို့နှလုံးသွင်းပြီး စိုက်သွားရုံပါ။
ဒါဆို သစ်ပင်ကို ဘယ်ကစစိုက်မလဲဆိုရင် ကိုယ့်အိမ်ကအရင်စစိုက်သွားရုံပါပဲ။
ဒီနေ့ခေတ် အင်ဂျင်နီယာသဘောအမြင်အရလည်းခြံစည်းရိုး(၁၅)ပေ ပတ်လည်လောက်စီမှာ
သစ်ပင်တွေစိုက်ထားရင် ပတ်ဝန်းကျင်အသံလည်း သက်သာသလို လေဒဏ်၊ ရာသီဥတုဒဏ်ကိုလည်း
ကာကွယ်ပေးပါတယ်။
သစ်ပင်စိုက်တဲ့ကုသိုလ်ဟာ နေ့နေ့ညည ကုသိုလ်ရနေတဲ့ ကုသိုလ် (၆) မျိုးထဲမှာ
တခုအပါအ၀င်ဖြစ်ပါတယ်။
မြတ်စွာဘုရားက နေ့နေ့ညည ကုသိုလ်ရနေတဲ့ ကုသိုလ် (၆) မျိုး ကို သံယုတ်ပါဠိတော်
ဝနရောပသုတ်မှာ ဟောပြထားပါတယ်။
ကုသိုလ် (၆) မျိုးက -
●(၁) ဥယျာဉ်၊
●(၂) သစ်ပင်၊
●(၃) ရေချမ်းစင်၊
●(၄) တံတား၊
●(၅) ရေကန်၊
●(၆)ကျောင်းဆောင်ပါ။
ဒီကုသိုလ် (၆) မျိုးထဲက တခုခုလှူတဲ့သူပဲဖြစ်ဖြစ် ဒါမှမဟုတ် နှစ်ခု၊ သုံးခုလှူတဲ့သူပဲဖြစ်ဖြစ်
နေ့ကော ညကော ကုသိုလ်တွေ တိုးနေပါတယ်တဲ့။ ဒါတင်မကပါဘူး သေလွန်တဲ့အခါမှာလည်း
နတ်ပြည် သုဂတိကို ရောက်ရပါတယ်တဲ့။ ကုသိုလ်(၆)မျိုးလုံးက အများအတွက်အကျိုးပြုတဲ့
ကုသိုလ်တွေချည်းပါပဲ။
ဥယျာဉ်အရ ပန်းဥယျာဉ်နဲ့ သစ်သီးဥယျာဉ်ကို ယူရပါမယ်၊ သစ်ပင် အရတော့ အများနားခိုဖို့
အရိပ်ရအပင်ကြီးတွေကို ယူရပါမယ်။
ကုသိုလ် (၆)မျိုးကို-
“ဥယျာဉ်သစ်ပင်၊ ရေချမ်းစင်၊ တခွင်တံတားပေ။ရေကန် ကျောင်းဆောင်၊ ဤခြောက်ဆောင်၊
လူ့ဘောင်သုံးဆောင်ရာ။နေ့နေ့ညည၊ ကုသိုလ်ရ၊ ဗုဒ္ဓမိန့်မှာတာ” ဆိုတဲ့
လင်္ကာလေးနဲ့ မှတ်ထားလိုက်လည်းရပါတယ်။
သစ်ပင်စိုက်တာဟာ
●ကိုယ့်နိုင်ငံအတွက်လည်း လိုအပ်သလို၊
●သံသရာခရီးအတွက်လည်း လိုအပ်ပါတယ်။
လောကီ၊ လောကုတ္တရာ ကောင်းကျိုးနှစ်ခု ဖြစ်နေတာပါ။
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)】၏


Credit>>>နည်းစနစ်ကျကျ အတွေးအခေါ်

No comments:

Post a Comment