Serious
Fun အဖွဲ့နဲ့ Smile Education and Development Foundation
တို့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာဆက်ကပ်ပွဲတော်ကို
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့ရဲ့
နေရာတော်တော်များများမှာ ကျင်းပမှာဖြစ်ပါတယ်။ ဥရောပ၊ အာရှ၊
မြောက်အမေရိကတိုက်တို့မှ လက်လှည့်ပညာရှင်များ၊ ဆက်ကပ်အနုပညာရှင်များ၊
အစီအစဉ်တင်ဆက်မယ့် Omega Mime လို့ခေါ်တဲ့ မြန်မာလူငယ်ဟာသ လူရွှင်တော်များက
ပါဝင်တင်ဆက်ပေးကြမှာဖြစ်ပါတယ်။
အခုပြုလုပ်မယ့်ပွဲတော်မှာ လူတစ်ဦးနဲ့တစ်ဦး သည်းခံနိုင်မှု၊ ပူးပေါင်းပါဝင်မှုတွေဖြစ်လာနိုင်အောင် အထောက်အကူအများကြီးဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ လက်လှည့်တဲ့ကစားနည်း ကစားနေတဲ့အချိန်မှာ လူတွေအားလုံးဟာ အတူတူပဲဖြစ်သွားပြီး ကွဲပြားခြားနားမှုတွေမရှိတော့ကြောင်း၊ အခုလိုနိုင်ငံရေးအကူးအပြောင်းကာလမှာ ကျွန်ုပ်တို့ရဲ့ နိုင်ငံဟာ ဒဏ်ရာကုစားဖို့ အချိန်လိုအပ်နေကြာင်း၊ အဲဒါကြောင့် လက်လှည့်ပြီးဆော့တဲ့အတတ်ပညာဟာ လူတစ်ယောက်နဲ့တစ်ယောက်အကြား အပေးအယူမျှတစေဖို့အတွက် တံတားလိုကူးဆက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း Smile Foundation မှ ကိုမျိုးဝင်းကပြောပြခဲ့ပါတယ်။
လက်တွေ့သရုပ်ပြတင်ဆက်ပေးခဲ့တဲ့ Mr Jules Howarth က ဆင်းရဲနွမ်းပါးတဲ့ အခြေအနေများနဲ့ ရင်ဆိုင်နေရတဲ့ ကလေးသူငယ်များ၊ မသန်စွမ်းအဖွဲ့များကို ပျော်ရွှင်စေနိုင်ဖို့ အခမဲ့အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို ပြုလုပ်ပေးနေတာဖြစ်ပြီး လက်လှည့်ကစားနည်းကို အသုံးပြုပြီး ကလေးတစ်ဦးနဲ့တစ်ဦး လေးလေးစားစားဆက်ဆံတတ်စေရန် ကလေးတွေရဲ့ အာရုံစူးစိုက်မှုနဲ့ ယုံကြည်မှုတိုးတက်လာအောင် မြှင့်တင်ပေးနေတယ်လို့ သိရပါတယ်။ နိုင်ငံတကာဆက်ကပ်ပွဲတော်မှာ နိုင်ငံတကာမှပညာရှင်များက မြန်မာပြည်ကို မေတ္တာနဲ့လာရောက် ဖျော်ဖြေတင်ဆက်ပေးကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်လှည့်ပညာများကိုလဲ သင်ကြားပေးမှာဖြစ်ပါတယ်။ ပွဲတော်မှာ တချိန်က အမေရိကန်နိုင်ငံများနဲ့ ဥရောပနိုင်ငံများမှာ ရေပန်းစားခဲ့တဲ့ ခြင်းလုံးများ၊ ဖန်လုံးများကို အသုံးပြုပြီး လက်လှည့်ပညာကို ဖျော်ဖြေခဲ့ကြတဲ့ မြန်မာပြည်မှ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ၁၈ ရာစု မြန်မာပညာရှင်များ ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။
နိုင်ငံတကာဆက်ကပ်ပွဲတော် လုပ်မယ့်နေရာအချို့ကတော့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၆ နာရီခွဲ ရန်ကုန်မြို့ ကရ၀ိတ်ဥယျာဉ်အတွင်း၊ ဖေဖော်ဝါရီလ ၁၄ ရက် ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်အတွင်းမှာပဲ မနက်၉ နာရီမှ နေ့လည် ၃ နာရီအထိ၊ ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၆ နာရီမှာတော့ မဟာဗန္ဓုလ ပန်းခြံတို့ပဲဖြစ်ပါတယ်။

Credit>>>Yangon Life Myanmar
No comments:
Post a Comment