အတန်းဖော်များက ရုပ်ဆိုးမဟု ခေါ်ပြီး အနိုင်ကျင့်ခြင်း ခံခဲ့ရသည့် မိန်းမပျိုလေးမှာ အလှဘုရင်မ ဖြစ်လာပြီ ဖြစ်သည်။ အသက် (၂၃) နှစ် အရွယ်ရှိ ရီဗက်ကာဟန်းစလေးက Selfie ဓာတ်ပုံပေးပို့ ယှဉ်ပြိုင်ရာတွင် ရွေးချယ်ခံရ ပြီးနောက် အောင်မြင်သည့် မော်ဒယ် တစ်ယောက် ဖြစ်လာပြီး အတန်းဖော်များ မှားယွင်းကြောင်း သက်သေ ပြခဲ့သည်။
ယခု အဆိုပါ မိန်းကလေးမှာ မစ္စအင်္ဂလန် အဖြစ် ယှဉ်ပြိုင်ရန် အခွင့်အရေးပင် ရလာပြီ ဖြစ်သည်။ ဆိုးဆိုးဝါးဝါး အနိုင်ကျင့် ခံခဲ့ရသည့် ရီဗက်ကာက ““ ကျွန်မ ဘ၀တစ်လျှောက် လုံးမှာ လူတိုင်းက ကျွန်မကို ရုပ်ဆိုးတယ်ဆိုပြီး အနိုင်ကျင့်ခဲ့တယ် သူတို့ က ကျွန်မနှာခေါင်းကို ကျောင်းမှာ ရုပ်အဆိုးဆုံးလို့ ပြောခဲ့ကြပါတယ်”” ဟု ဆိုသည်။
““ဒါပေမဲ့ သူတို့တွေ အမှားကြီး မှားသွားပါပြီ။ အခု ကျွန်မဟာ မော်ဒယ် တစ်ယောက် သာမကပဲ အလှ ဘုရင်မပါ ဖြစ်နေပါပြီ”” ဟု ပြောကြားခဲ့သည်။ရီဗက်ကာမှာ မူကြိုကလေး ဘ၀တည်းက အနိုင်ကျင့်ခံခဲ့ရပြီး သူ့တွင် ပန်းဝတ်မှုန်နှင့် ဓာတ်မတည့်သည့် ရောဂါရှိကြောင်း သိရသည့်အခါ ကျောင်းသူ တစ်ယောက်က သူ့အင်္ကျီထဲ မြက်များကို ထိုးထည့်ပြီး ငိုအောင် စခဲ့သေးကြောင်း သိရသည်။
အလယ်တန်း ကျောင်းသူဘ၀တွင် အနိုင်ကျင့်ခံရမှု ပိုဆိုးဝါးလာပြီး သူ့ကို ရောဂါသည်မ၊ ပေါက်ချွန်းမဟု ခေါ်ခံခဲ့ရသည်။ ကျောင်းပြောင်း ခဲ့သော်လည်း အနိုင်ကျင့်ခံရခြင်း ပြဿနာ ပြေလည်မှု မရှိခဲ့သဖြင့် သူမ၏ မိခင်က အိမ်ကို ဆရာခေါ်ကာ သင်ကြားပေးပြီး GCSE စာမေးပွဲကို ဖြေဆိုစေခဲ့ရကြောင်း သိရသည်။
ထိုအချိန်မှစပြီး အောင်မြင်သည့် မော်ဒယ် တစ်ယောက် ဖြစ်လာအောင် ကြိုးစားပြီး အနိုင်ကျင့်သူများ အမြင်မှားကြောင်း သက်သေပြ ခဲ့သည်။ ““ကျွန်မက နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေပါတယ် အနိုင်ကျင့်သူတွေ ဘာပဲပြောပြော ခေါင်းထဲ ထည့်တွေးစရာ မလိုကြောင်း လူတိုင်း အလှကိုယ်စီ ရှိကြောင်း သက်သေ ပြချင်ပါတယ်”” ဟု ရီဗက်ကာက ပြောကြားခဲ့သည်။

No comments:
Post a Comment